#World_News
Published 4 October 2022

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံအပေါ်ကနေကျော်ပြီး အင်္ဂါနေ့က ပစ်လွှတ်ခဲ့ပါတယ်။

 

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဂျပန်မြောက်ပိုင်းမှ ပြည်သူများကို အကာအကွယ်ယူဖို့ သတိပေးခဲ့ရပြီး ရထားပြေးဆွဲမှုများ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

 

ဒုံးကျည်က ဂျပန်နိုင်ငံအပေါ်ကနေ ဖြတ်သန်းကာ ပစိဖိတ်သမုဒ္ဒရာထဲ ကျသွားဟန်ရှိပြီး ဂျပန်အစိုးရက ပြည်သူများကို အကာအကွယ်ယူထားဖို့ သတိပေးခဲ့ပါတယ်။

 

ထိုဒုံးကျည်ကို ကာကွယ်ရေးစနစ်တွေနဲ့ ဖျက်ဆီးခဲ့ခြင်းမရှိဘဲ ဒါဟာ ၂၀၁၇ နောက်ပိုင်း မြောက်ကိုရီးယားက ဂျပန်နိုင်ငံအပေါ်ကနေဖြတ်ပြီး ပထမဆုံးအကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ အကြိမ်ကြိမ်ပစ်လွှတ်ခဲ့ခြင်းနဲ့ သူတို့ရဲ့လုပ်ရပ်တွေက ဂျပန်နိုင်ငံဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေကာ ကြီးမားသောစိန်ခေါ်မှုကြီးအသွင်ဆောင်နေကြောင်း ဂျပန်ထိပ်သီးအစိုးရပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ'ဟီရိုကာဇူမက်ဆူနို'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ယခုဒုံးကျည်က အကွာအဝေး ၄,၆၀၀ ကီလိုမီတာအထိ သွားခဲ့ပြီး အမြင့်ပေ ၁,၀၀၀ ကီလိုအထိ တက်သွားခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

 

ဒီဒုံးကျည်ဟာ မြောက်ကိုရီးယားပြည်နယ်ဂျာဂန်းမှ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်(IRBM)ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

 

မြောက်ကိုရီးယားဟာ အသံထက်မြန်တဲ့ဒုံးကျည်များအပါအဝင် လတ်တလောစမ်းသပ်မှုအများအပြားကို ထိုပြည်နယ်မှ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

ထိုစမ်းသပ်ပစ်လွှတ်ခြင်းကြောင့် ဂျပန်မြောက်ပိုင်းရှိ အရှေ့ဂျပန်ရထားလိုင်းမှ ရထားပြေးဆွဲမှုများ ရပ်ဆိုင်းထားရကြောင်း ဂျပန်ရုပ်သံ NHK မှ ထုတ်လွှင့်ခဲ့ပါတယ်။

 

ဒုံးကျည်ပစ်ခတ်မှုကြောင့် လေယာဉ် သင်္ဘောတွေ ထိခိုက်ခြင်းမရှိဘူးလို့ သိရပါတယ်။

 

၂၀၁၇ ခုနှစ်ကလည်း မြောက်ကိုရီးယားဟာ ဟွာဆောင-၁၂ အမည်ရှိ ပဲ့ထိန်းဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်ကနေဖြတ်သန်းကာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

 

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်လိုက်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။

 

မြောက်ကိုရီးယားရဲ့ ယခုနောက်ဆုံးပစ်လွှတ်မှုက ၁၀ ရက်အတွင်း ၅ ကြိမ်မြောက်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ၃ နိုင်ငံပူးပေါင်းပြီး ရေငုပ်သင်္ဘောတိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။

 

ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က မြောက်ကိုရီးယားရဲ့လုပ်ရပ်က ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ကြောင်း တိုကျိုမှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

 

"မြောက်ကိုရီးယားနဲ့ သံတမန်ရေးလမ်းကြောင်းဖွင့်ထားပေမယ့် နှစ်နိုင်ငံစလုံးအတွက် တာဝန်ရှိပါတယ်၊ ဒီကြီးမားလာတဲ့ ခြိမ်းခြောက်မှုကြီးကို ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာပါ" လို့ အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်သီးသံတမန်'ဒန်နီယယ်ခရစ်တန်ဘရင့်ခ်'က ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group