Published 4 October 2022

ပျားရည်ဆမ်းခရီးစီစဉ်တဲ့အခါ စုံတွဲတော်တော်များများက ထင်ရှားသိသာတဲ့ နေရာတွေဖြစ်တဲ့ ချစ်ခြင်းမေတ္တာမြို့ဖြစ်တဲ့ ပါရီမြို့လိုမျိုး၊ အပြာရောင်တောက်ပနေတဲ့ရေပြင်တွေနှင့်‌မော်လဒိုက်လိုမျိုး ရွေးချယ်ကြပါတယ်။

ဒါပေမယ့် ခရိုအေးရှားက ညားခါစ စုံတွဲ ခရစ်စတီဂျန်နှင့် အန်ဒရီယာအီလီဆစ်တို့တော့ သူတို့နှင့်မတူပါဘူး။ သူတို့က  ညစ်ပတ်နေတဲ့ သံသတ္တုရိုင်းတွေ တင်ဆောင်လာတဲ့တွဲတွေနှင့်  ကုန်တင်ရထားကြီးတစ်စီးကို ရွေးချယ်ခဲ့ကြပါတယ်။

သူတို့ဟာ အာဖရိက အနောက်မြောက်ပိုင်းက  မီးဖုတ်ထားသလို ပူပြင်းလှတဲ့ သဲကန္တာရကို ဖြတ်ကျော်မောင်းနှင်တဲ့ အဲဒီရထားပေါ်မှာ ပျားရည်ဆမ်းခရီးဆင်နွှဲခဲ့ကြပါတယ်။

“ ကျွန်တော်တို့ အများကြီးမြင်ခဲ့ဖူးပြီ။ ဒီတစ်ခါတော့ လုံးဝကိုမတူခြားနားတဲ့ တစ်ခုခုဖြစ်ရမယ်..အဲဒါကြောင့် ဒါကို မော်ရီတေးနီးယားမှာ ကျွန်တော်တို့တွေ့ခဲ့တယ်” လို့ ခရစ်စတီဂျန်က စီအင်န်အင်န်ကိုပြောပါတယ်။

 ခရီးရဲ့ အထွတ်အထိပ်ကတော့ သံသတ္တုရိုင်းတွေ မဆန့်မပြဲတင်ထားတဲ့ ရထားတွဲပေါ်မှာ ရဲရဲဝံ့ဝံ့ ဓာတ်ပုံအရိုက်ခံကြတာပဲဖြစ်ပါတယ်။  အဲဒီအချိန်မှာ ရထားဟာ သဲကန္တာရထဲမှာ သတ္တုတူးဖော်ရေးမြို့ ဇိုယူယက်ကနေ အတ္တလန်တစ် ဆိပ်ကမ်းမြို့ နိုအော်ဒီဘူးမြို့အထိ ၄၃၅ မိုင် ခရီးမောင်းနှင်နေတာပါ။

အဲဒီဓာတ်ပုံတွေကိုနောက်ပိုင်းမှာ သူတို့က အင်စတာဂရမ်ကိုတင်ခဲ့တဲ့အခါ  likeလုပ်ကြသူ လေးသောင်းကျော်ရှိခဲ့ပါတယ်။ ပုံတွေထဲမှာ အန်ဒရီယာရဲ့ အဝတ်အစားတွေဟာ သတ္တုရိုင်းတွေကြောင့် စွန်းပေနေတာကို ရထားပေါ်က ဟင်းလင်းပြင် မြင်ကွင်းမှာ တွေ့မြင်ကြရပါတယ်။

“အားလုံး သတ္တုမှုန်တွေစွန်းထင်နေတာပဲ။ အဝတ်အစားတွေ၊လေတွေ၊အစားအသောက်တွေ...အားလုံး  အားလုံး။  ဒီ သတို့သမီးဝတ်စုံအဖြူကို ဖြူအောင်မနည်းထားရတာကိုက ထူးခြာဆန်းကြယ်မှုတစ်ခုပဲ” လို့ သူမကပြောပါတယ်။

ဒီလိုသတ္တုရိုင်းတွေတင်တဲ့ ရထားတစ်လျောက်စီးနင်းလိုက်ပါတာဟာ မကြာသေးခင်နှစ်များအတွင်း အလွန်ခရီးသွားတဲ့ influencersတွေ အတွက် စိတ်ဝင်စားစရာဖြစ်ပြီး သူတို့ဟာ ယူကျုနှင့် အခြားဆိုရှယ်မီဒီယာတွေအပေါ် ဗွီဒီယိုတွေ တင်ကြပါတယ်။ ဒါပေမယ့် သူရဲဘောကြောင်တဲ့သူတွေအတွက်တော့ မဟုတ်ပေဘူး။

နာရီ(၂၀)မောင်းနှင်ရတဲ့ ခရီးမှာ အပူချိန်ဟာ နေ့ဘက်မှာ ၄၅ ဒီဂရီဆဲဆိယတ်စ်ထိရောက်ပါတယ်။ညကျတော့လည်း ခဲတဲ့အထိအေးပါတယ်၊  လေတွေကလည်း သံသတ္တုရိုင်းတွေအပေါ် ဝေ့ဝိုက်တိုက်ပါတယ်။

သူတို့ဟာ ပျားရည်ဆမ်းဓာတ်ပုံရိုက်ခရီး ခက်ခဲပင်ပန်းပေမယ့် မျှော်လင့်ထားတာထက် အဆင်ပြေတယ်လို့ သူတို့က ပြောပါတယ်၊

“ လမ်းမှာ ရွာတစ်ရွာကို ဝင်လည်ပတ်တယ်။ ရွာကလူတွေက သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းနှင့် ကျွန်တော်တို့ကို မင်္ဂလာဆောင်ပေးတယ်။ ကျွန်တော်နှင့် အန်ဒရီယာတို့ ရိုးရာ မင်္ဂလာဆောင်အဝတ်တွေဝတ်ဆင်ကြပြီး နှစ်နာရီလောက် ကကြတယ်။ ဗုံးတွေတီးကြ၊သီချင်းဆိုကြနှင့် ကျွန်တော့်အတွက် မမေ့နိုင်စရာပါ” လို့ ခရစ်စတီဂျန်ကပြောပါတယ်။

ကျွန်တော်တို့ နှစ်ခါမင်္ဂလာထပ်ဆောင်လိုက်တဲ့အတိုင်းပဲ လို့ သူက နောက်ပြောပြောဆိုပါတယ်။

“ဒီပျားရည်ဆမ်းခရီးဟာ ပုံမှန်ပျားရည်ဆမ်းတစ်ခုမဟုတ်ဘူး။ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ဘဝတွေရဲ့ ခရီးတစ်ခု ဖြစ်ပါတယ်”လို့ သူကဖြည့်စွက်ပြောပါတယ်။

Source: CNN

#Honeymoon_on_ iron-ore_train

#Strange_Honeymoon

#Mauritania