Published 9 Sept 2022

ဗြိတိန်ရဲ့ သက်တမ်းအရှည်ဆုံးဧကရာဇ်ဖြစ်တဲ့ အသက် ၉၆နှစ်အရွယ် ဘုရင်မကြီး အဲလစ်ဇဘက်ဟာ စကော့တလန်က သူမရဲ့စံအိမ်မှာ ကြာသပတေးနေ့က ကွယ်လွန် သွားပြီဖြစ်ပါတယ်။

“ ကျွန်တော့်ရဲ့ချစ်လှစွာသော မိခင်ကြီး ဘုရင်မကြီး ကွယ်လွန်သွားခြင်းအတွက်  ကျွန်တော်နှင့် ကျွန်တော့်မိသားစုအားလုံး အတွက် အကြီးမားဆုံး ကြေကွဲဝမ်းနည်းရပါတယ်” လို့  သူမရဲ့သား ဗြိတိန်ဘုရင်မင်းမြတ်အသစ် ချားလ်စ်က ပြောပါတယ်။

“ ချစ်ခင်မြတ်နိုးရတဲ့ အမြင့်မြတ်ဆုံးသော မိခင်ကြီး ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်တို့ ပူဆွေးသောကဖြစ်ကြရပါတယ်။ သူမကိုဆုံးရှုံးရခြင်းကို တစ်နိုင်လုံး၊ နိုင်ငံတော်နယ်ပယ်နှင့် ဓနသဟာယ ပြီးတော့ တစ်ကမ္ဘာလုံးက ပြည်သူတွေ နက်နက်ရှိုင်းရှိုင်းခံစားကြရမှာလို့ ကျွန်တော်သိပါတယ်” လို့ အသက် ၇၃နှစ်အရွယ် ဘုရင်ချားလ်က သတင်းထုတ်ပြန်ပါတယ်။

ကြာသပတေးနေ့လယ်ကစပြီး ဘုရင်မကြီးရဲ့ဆရာဝန်တွေက သူမကို စောင့်ကြပ်ကြည့်ရှုနေရတယ်လို့ ပြောပြီး မိသားစုဝင်တွေ စကော့တလန်က သူမရဲ့အနီး အပြေးရောက်လာကာ  သူမကျန်းမာရေး ယိုယွင်းလာတဲ့သတင်းတွေကြားခဲ့ရတာဖြစ်ပါတယ်။

လန်ဒန်မြို့လယ်က ဘတ်ကင်ဟမ်နန်းတော်အပြင်မှာ လူထောင်ပေါင်းများစွာစုရုံးနေကြပါတယ်။  အဲဒီနေရာမှာ အလံကို တိုင်တစ်ဝက်လျော့ချတဲ့အခါလူတွေကငြိမ်သက်ပေးကြပါတယ်။

ဘုရင်ချားလ်စ်နှင့် ကြင်ယာတော် မိဖုရား ကာမီလာတို့ဟာ သောကြာနေ့ လန်ဒန်ကိုမပြနခင်  ဘုရင်မကြီးကွယ်လွန်ခဲ့တဲ့  ဘာမိုရယ်ရဲတိုက်ကြီးမှာ ဆက်လက်နေထိုင်ဦးမှာဖြစ်ပါတယ်။ လန်ဒန်မှာ ချားလစ်ဘုရင်ဟာ   တိုင်းပြည်ကို မိန့်ခွန်းပြောရန်ရှိပြီး ဝန်ကြီးချုပ် လစ်ထရပ်စ်နှင့်လည်းတွေ့ဆုံမယ်လို့ တော်ဝင်အရာရှိတွေကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကမှ ခင်ပွန်းဖြစ်သူ ကြင်ယာတော်မင်းသားကြီး သေဆုံးခဲ့ပြီးနောက် အဲဒီနှစ်ကုန်ပိုင်းလောက်မှာ ဘုရင်မကြီးဟာ episodic mobility လို့ခေါ်တဲ့ သွားရလာရခက်တဲ့ ဝေဒနာတစ်မျိုးခံစားခဲ့ရပါတယ်။ အဲဒါကြောင့် သူမဟာ အများပြည်သူနှင့် ထိတွေ့ဆက်ဆံမှုတွေ ရုပ်သိမ်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝန်ကြီးချုပ်သစ် ထရပ်စ်ကို ခန့်အပ်စဉ်တစ်ကြိမ် သူမဟာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဘုရင်မကြီးကွယ်လွန်ခြင်းဟာ နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ကြီးမားစွာတုန်လှုပ်မှုဖြစ်စေပါတယ်လို့ ထရပ်စ်က ပြောပါတယ်။

ဘုရင်မကြီးဟာ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီ(၆)ရက်မှာ ဖခင် ဂျော့-၆ ဘုရင် ကွယ်လွန်ပြီးနောက် အသက် ၂၅နှစ်အရွယ်မှာ ထီးနန်း အရိုက်အရာကိုဆက်ခံခဲ့ပါတယ်။

အဲဒီအချိန်မှာ ဗြိတိန်မှာ ဝန်ကြီးချုပ်က ဝင်စတန်ချာချီဖြစ်ပြီး ဆိုဗိယက်ခေါင်းဆောင်က ဂျိုးဆက်စတာလင်ဖြစ်ပါတယ်။ ကိုးရီးယားစစ်ပွဲလည်းပြင်းထန်နေချိန်ပါ။

သူမကွယ်လွန်ချိန်မှာ ဘုရင်မကြီးဟာ ယူနိုက်တက်ကင်းဒမ်းရဲ့ နိုင်ငံခေါင်းဆောင်သာမက ဩစတြေလျ၊ဘာဟာမား၊ ဘဲလစ်၊ကနေဒါ၊ဂရင်နာဒါ၊ဂျာမေကာ၊နယူးဇီလန်၊ပါပေါ နယူးဂီနီ၊ စိန့်လူစီယာ၊စိန့်ကစ်နှင့်နီဗစ်၊ တူဗာလူ၊ ဆော်လမွန်ကျွန်းမျာ၊ စိန့်ဗင်စင့်နှင့် ဂရင်နာဒိုင်း နှင့် အန်တီဂွာနှင့်ဘာဘူဒါတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်ပါတယ်၊

Source Reuters

#Queen_ Elizabeth_dies

#Britain_Monarch

#King_Charles