Published 6 Sept 2022

အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ ဆယ်စုနှစ်လေးခုအတွင်း အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိနေပါတယ်။ အဲဒီအခြေအနေကို လျော့ပါးစေဖို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်က ငွေကြေးဖောင်းပွမှုလျှော့ချရေး အက်ဥပဒေကို ဩဂုတ်လ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမေရိကန်ရဲ့ ၂၀၂၂ ခုနှစ် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေဟာ

ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှုတွင် ရင်းနှီးမြုပ်နှံပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုန်ကျစရိတ်များကိုလျှော့ချနေစဉ်လိုငွေပြမှုနှင့် ငွေကြေး ဖောင်းပွမှု ကို လျှော့ချနိုင်ဖို့ ပုံစံချရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအက်ဥပဒေဟာ အမေရိကန်ရှိ အိမ်ထောင်စုတွေအပေါ် အခက်အခဲများဖြစ်ပေါ်စေလျက်ရှိတဲ့ ဈေးနှုန်းမြင့်တက်မှုကို အမှန်တကယ်ထိန်းညှိပေးနိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

သမ္မတ ဂျော့ဂ်ျ ဒဗလျူ. ဘုရှ်ရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နောက်ပိုင်းမှာ CBO ရဲ့ ဒါရိုက်တာဖြစ်လာခဲ့သူ ဒေါဂလက်စ် ဟို့ဇ်-အီကင်က ‘ကျန်းမာရေးစောင့်ရှောက်မှုရဲ့ ထောက်ပံ့ပေးမှုဟာ ဆေးဝါးအချို့ရဲ့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်မှာဖြစ်ပေမယ့်လည်း ဆေးဝါးအသစ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကိုတော့ နှောင့်နှေးစေဖွယ်ရှိနေပြီး၊ ဆေးဝါးကုမ္ပဏီများမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များကို လျော့ကျစေနိုင်တယ်’ လို့ စောဒကတက်ထားပါတယ်။

ဥပဒေမှာ အားနည်းချက်တွေလည်းရှိနေပြီး ဓာတ်ငွေ့နဲ့ အစားအစာဈေးနှုန်းများ မြင့်တက်မှု၊ ငှားရမ်းခနဲ့ စားသောက်ဆိုင် အစားအစာဈေးနှုန်းများ မြင့်တက်မှုတို့ကိုတော့ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်း နိုင်ဖွယ်မရှိသေးပါဘူး။ထို့အတွက် ကဏ္ဍစုံမှာ ငွေကြေးဖောင်းပွမှုတိုက်ဖျက်‌ရေးအတွက်တော့ ထိရောက်ဖွယ်ရှိမလာနိုင်သေးပါဘူး။

ဆန်းစစ်သုံးသပ်မှုများအရတော့ ဥပဒေဟာ အမေရိကန်အိမ်ထောင်စု သန်းပေါင်းများစွာအတွက် ဆေးဝါးနဲ့ စွမ်းအင်ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မှာဖြစ်ပြီး၊ စုဆောင်းငွေများကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ အဆိုပါပစ္စည်းတွေဟာ အိမ်ထောင်စုတွေရဲ့ ဘတ်ဂျက်မှာ အနည်းငယ်မျှသာနေရာယူထားတာဖြစ်ပါတယ်။ အမေရိကန် စားသုံးသူဈေးနှုန်း အညွှန်းကိန်းမှာတော့ ဆေးဝါးများဟာ အသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုန်းသာရှိနေပြီး၊ လျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့အသုံးပြုမှုများကတော့ ၃ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။

ထောက်ပံ့မှုများကိုရရှိမယ့် အိမ်ထောင်စုများဟာ ငွေတွေကို အခြားနေရာများဖြစ်ကြတဲ့ ငှားရမ်းခများပေးဆောင်မှု၊ ဓာတ်ငွေ့နဲ့ အစားအစာများ ဝယ်ယူမှုတို့မှာ အသုံးပြုလာဖွယ်ရှိတဲ့အတွက်လည်း ဈေးနှုန်းများမကျဆင်းသရွေ့ ငွေကြေးဖောင်းပွမှုဟာ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေပါတယ်လို့ဆိုပါတယ်။

ရီပတ်ဘလစ်ကန်များဘက်ကတော့ သမ္မတ ဂျိုး ဘိုင်ဒန်ရဲ့ ဆောင်ရွက်မှုများကို သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ကြိုးပမ်းမှုများလို့ ရှုမြင်ပြီး၊ အမှန်တကယ်လည်း သမ္မတ ဘိုင်ဒန်အပေါ် ကျဆင်းနေတဲ့ ထောက်ခံမှုများဟာ ယခုဥပဒေကြောင့် ပြန်လည်မြင့်တက်လာနိုင်ချေရှိနေပါတယ်။

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ ငွေကြေးဖောင်းပွမှုလျှော့ချရေး ဥပဒေအပေါ် အလုံးစုံသုံးသပ်ရမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်လေးခုအတွင်း အမြင့်မားဆုံးဖြစ်လာခဲ့တဲ့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရေးအတွက် ကဏ္ဍစုံမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်သေးဘဲ ကဏ္ဍအနည်းအကျဉ်းမှာသာ အနည်းငယ် အကျိုးသက်ရောက်နိုင်တဲ့အတွက် ဒါဟာ  သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ထောက်ခံမှုရရှိရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ဖွယ်ရှိနေပါတယ်။

Source: VOA

#Inflation_Reduction _Act

#US_Inflation

#US_Mid_term_Elections