#World_Energy
Published 31 August 2022

 

ပြင်သစ်ကုမ္ပဏီ'အန်ဂျီ'က ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom ထံမှ ဓာတ်ငွေ့ဝယ်ယူရာမှာ ဇူလိုင်လအတွက် ငွေအပြည့်ပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့် ဓာတ်ငွေ့ပေးပို့မှု ရပ်ဆိုင်းသွားမယ်လို့ Gazprom က အင်္ဂါနေ့မှာအတည်ပြုကြေညာလိုက်ပါတယ်။

 

ပေးပို့ထားတဲ့ ဓာတ်ငွေ့များအတွက် ငွေအပြည့်မပေးမချင်း စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဓာတ်ငွေ့တင်ပို့မှုရပ်တန့်သွားမယ်လို့ Gazprom က အန်ဂျီကုမ္ပဏီကို အသိပေးအကြောင်းကြားခဲ့ပါတယ်။

 

အင်္ဂါနေ့ညနေက ပြင်သစ်ကုမ္ပဏီဘက်ကနေ ငွေပေးချေဖို့ ပျက်ကွက်ခဲ့ပြီးနောက် ရုရှားဥပဒေများအရ ဓာတ်ငွေ့ဆက်လက်မတင်ပို့နိုင်တော့ပါဘူး။

 

Bloomberg သတင်းဌာနတင်ပိုချက်အရ စာချုပ်ပါအချက်အလက်များအတိုင်း နှစ်ဘက်နိုင်ငံကြား သဘောတူညီမှုမရှိခဲ့ဘဲ ဓာတ်ငွေ့တင်ပို့မှုလျှော့ချသွားမယ်လို့ Gazprom က အသိပေးခဲ့ပြီးဖြစ်ကြောင်း 'အန်ဂျီ'ကုမ္ပဏီက သတိပေးလိုက်ပါတယ်။

 

သဘောမတူညီရတဲ့ အကြောင်းအရင်းအတိအကျကို မဖော်ပြထားသလို ဓာတ်ငွေ့တင်ပို့မှု ဘယ်လောက်ထိကန့်သတ်လျှော့ချမလဲဆိုတာလည်း အတိအကျမသိရပါဘူး။

 

ရုရှားဟာ ဓာတ်ငွေ့တင်ပို့မှုကို လက်ကိုင်တုတ်အဖြစ် အသုံးချနေတာဖြစ်ကြောင်း ပြင်သစ်စွမ်းအင်ဝန်ကြီး'အက်ဂ်ညက်ပန်ညာရူနာရှာ'က အင်္ဂါနေ့က စွပ်စွဲလိုက်ပါတယ်။

 

ဓာတ်ငွေ့ရရှိမှု လုံးဝရပ်တန့်သွားနိုင်တဲ့ အဆိုးဆုံးအခြေအနေများအတွက် ပြင်သစ်အနေနဲ့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း Gazprom ဘက်က မကြေညာခင်ကတည်းက ဝန်ကြီးက သတိပေးခဲ့ပါတယ်။

 

တိုင်းပြည်အတွက် ဓာတ်ငွေ့အခြေခံလိုအပ်ချက်များနဲ့ ပြည့်မီအောင် ထိန်းသိမ်းထားရမှာဖြစ်ပြီး Gazprom မှ ဓာတ်ငွေ့တင်ပို့မှုလျှော့ချခြင်းကြောင့် သက်ရောက်လာနိုင်တဲ့ စီးပွားရေးနဲ့ လက်တွေ့အခြေအနေများကို ထိရောက်စွာလျှော့ချနိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

 

ဥရောပတိုက်အတွက် အဓိကဓာတ်ငွေ့ထောက်ပံ့တဲ့ ရုရှားနိုင်ငံက တင်ပို့မှုလျှော့ချနိုင်လာတဲ့ အခြေအနေတွေကြား ဓာတ်ငွေ့သိုလှောင်ထားနိုင်ရန် ဥရောပသမဂ္ဂအစိုးရများ ကြိုးပမ်းနေကြပါတယ်။

 

လုပ်ငန်းလည်ပတ်နိုင်မယ့် ကွန်ပရက်ဆာတစ်ခုတည်းရှိတဲ့ နော့ဒ်စထရင်းမ်(၁)ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဩဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ ရပ်နားထားမယ်လို့ Gazprom က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

 

'အန်ဂျီ'ကုမ္ပဏီမှ အမှုဆောင်ဒုဥက္ကဌ'ကလဲဝေးဆန်း'က ပြင်သစ်မှာ ဓာတ်ငွေ့သိုလှောင်မှု ၉၀ ရာခိုင်နှုန်းရှိနေပြီး ဆောင်းရာသီအတွက် လုံလောက်မှုရှိတယ်လို့ တနင်္လာနေ့မှာ အသိပေးခဲ့ပါတယ်။

 

Source: RT
#Yangon_Media_Group