#World_Science
Published 29 August 2022

 

လူတွေဟာ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့လူတွေကို ကိုယ်ရည်ကိုယ်သွေးကောင်းရှိမယ်လို့ ခန့်မှန်းယူဆတတ်ကြကြောင်း လေ့လာမှုအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

သုတေသီတွေက အပြင်ပန်းဆွဲဆောင်မှုအမြင်ကိုကြည့်ပြီး လူတွေအကြောင်း ခန့်မှန်းခြင်းကိုလေ့လာဖို့အတွက် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ စမ်းသပ်ပါဝင်မယ့်သူ ၁၁,၀၀၀ ကို လူတွေရဲ့ဓာတ်ပုံများပြသခဲ့ပါတယ်။

 

ဓာတ်ပုံထဲမှာ ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိပုံပေါ်တဲ့သူလူတွေဟာ ထူးချွန်ထက်မြက်ပြီး ယုံကြည်အားကိုးနိုင်တယ်လို့ စမ်းသပ်ခံသူတွေက မှတ်ယူလိုက်ကြကြောင်း တွေ့ရှိခဲ့ရပါတယ်။

 

ဓာတ်ပုံထဲက ဆွဲဆောင်မှုမရှိတဲ့လူတွေကိုတော့ မကောင်းတဲ့အမြင်တွေ မှတ်ချက်ပေးခဲ့ကြပါတယ်။

 

ဒီလိုမျိုး ကြည့်ကောင်းတဲ့သူတွေကို အလိုလိုနေရင်း လူကောင်းလို့ထင်နေတာက တကယ့်လက်တွေ့မှာ အန္တရာယ်များတဲ့အယူအဆဖြစ်ကြောင်း သုတေသီများက သတိပေးလိုက်ပါတယ်။

 

အရင်လေ့လာမှုတွေအရလည်း တရားသူကြီးတွေဟာ ဆွဲဆောင်မှုရှိပြီး ပုံပန်းသဏ္ဍာန်ကြည့်ကောင်းတဲ့ တရားခံတွေကို အပြစ်လျှော့ပေါ့ပေးလေ့ရှိပါတယ်။

 

လန်ကက်စတာမှ စိတ်ကျန်းမာရေးဆရာဝန်'ကာလိုတာဘာတရက်စ်'က အပြင်ပန်းသဏ္ဍာန်က တရားမျှတမှုကို ဖုံးလွှမ်းသွားတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

 

လူတွေက မျက်နှာမြင်ပြီး ၁၀၀ မီလီစက္ကန့်အတွင်းမှာပဲ ထင်မြင်ချက်ချတတ်ကြကြောင်း တွေ့ရှိထားပါတယ်။

 

အပြင်ပန်းအရ ဆွဲဆောင်မှုရှိတဲ့လူတွေကို ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့သူတွေလို့ ထင်မှတ်တတ်ကြပါတယ်။

 

စမ်းသပ်ခံမယ့်သူတွေကို ကမ္ဘာ့နေရာအနှံအပြားရှိ ၄၅ နိုင်ငံမှ ခေါ်ယူစုဆောင်းခဲ့ပါတယ်။

 

သူတို့ကို အမေရိကန်ပြည်ရှိ လူမည်း၊ လက်တင်လူမျိုး၊ လူဖြူ၊ အာရှလူမျိုး စတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ပြသခဲ့တာဖြစ်ပါတယ်။

 

စမ်းသပ်ခံတစ်ဦးချင်းစီက ဓာတ်ပုံ ၁၂၀ လောက်ကို အမြင်တစ်မျိုးတည်းနဲ့ ခွဲခြားခဲ့ပါတယ်။

 

အဲဒါကတော့ ဆွဲဆောင်မှုရှိ/မရှိကို ကြည့်ပြီး ခွဲခြားသွားတာဖြစ်ပါတယ်။

 

ကြည့်ကောင်းတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့မျက်နှာကိုကြည့်ပြီး ယုံကြည်ချက်ရှိခြင်း၊ တည်ငြိမ်ခြင်း၊ ဉာဏ်ရည်ထက်မြတ်ခြင်း၊ တာဝန်သိခြင်း၊ လူမှုရေးကောင်းမွန်ခြင်း၊ ယုံကြည်လောက်ဖွယ်ရှိခြင်း စတဲ့အချက်များ ပိုင်ဆိုင်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

 

ခြုံပြောရရင်တော့ ရုပ်ရည်ကြည့်ကောင်းတဲ့သူတွေကို လူကောင်းသူကောင်းဖြစ်မယ်လို့ လူတွေက ယူဆချင်တဲ့သဘောဖြစ်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group