#World_Health
Published 29 August 2022

 

သတင်းအကြောင်းအရာတွေကို အလွန်အမင်း အာရုံစိုက်ဖတ်ရှုနေသူတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေနိုင်တယ်လို့ Health Communication ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။

 

အင်တာနက်၊ ဂိမ်း၊ စမတ်ဖုန်းတို့ကို စွဲလမ်းခြင်းက ကျန်းမာရေးထိခိုက်နိုင်ကြောင်း အခိုင်အမာတွေ့ရှိထားသကဲ့သို့ စစ်ပွဲသတင်းများ၊ ဝမ်းနည်းဖွယ်ဖြစ်ရပ်သတင်းများ၊ ရောဂါကပ်ဆိုးသတင်းများကို အစဉ်တစိုက်ဖတ်ရှုနေတာကလည်း ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိပ္ပံပညာရှင်များက ဖော်ညွှန်းထားကြပါတယ်။

 

သတင်းအကြောင်းအရာတွေကို အာရုံစိုက်ဖတ်ရှုခြင်းဖြင့် လူအချို့မှာ အလွန်ခံစားမိလွယ်ပြီး ကမ္ဘာကြီးကို အန္တရာယ်တွင်းကြီးအဖြစ် ထင်မှတ်လာစေကြောင်း တက္ကဆပ်နည်းပညာတက္ကသိုလ်ကောလိပ်မှ တွဲဖက်ပရော်ဖက်ဆာ'ဘရိုင်ယန်မက်လက်ဖ်လင်'က ဖော်ပြခဲ့ပါတယ်။

 

လူအချို့က သတင်းတွေကို စွဲစွဲလမ်းလမ်းဖတ်ရှုပြီး သူတို့စိတ်ခံစားချက် ပြေပျောက်စေဖို့ သတင်းအသစ်တွေကို အမြဲရှာဖွေနေကြောင်း၊ ဒါပေမဲ့ သတင်းတွေ ပိုသိလာလေ အခြားသူတွေရဲ့ဘဝကို နှောင့်ယှက်လာလေဖြစ်ကြောင်း ဆိုပါတယ်။

 

သတင်းကြည့်ခြင်းက စိုးရိမ်ပူပန်စိတ်တွေ ပြေပျောက်မယ်လို့ ထင်ထားကြပေမယ့် သတင်းမကြည့်ရမနေနိုင်လောက်အောင် စွဲလမ်းသွားတတ်ပါတယ်။

 

အမေရိကန်မှ အရွယ်ရောက်ပြီးသူ ၁,၁၀၀ ခန့်ကို မေးမြန်းခဲ့ရာမှာ သတင်းကို စိတ်ဝင်စားသွားရင် ပတ်ဝန်းကျင်ကိုမေ့သွားကြောင်း၊ သတင်းဖတ်နေတဲ့အတွက် ကျန်တဲ့အရာတွေကို မပြုလုပ်မိတော့ကြောင်း လက်ခံခဲ့ကြပါတယ်။

 

ကျန်းမာရေးအပိုင်းကိုလည်း လေ့လာသုံးသပ်ရာမှာ သတင်းစွဲလမ်းသူတွေက ပုံမှန်သာသတင်းကြည့်တဲ့သူတွေထက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းရောဂါများဖြစ်နိုင်ချေ ၂၇.၃ ရာခိုင်နှုန်း ပိုများနေပါတယ်။

 

ဒါကြောင့် နာမကျန်းဖြစ်ခြင်းတရားခံက သတင်းမဟုတ်ဘဲ သတင်းစွဲလမ်းမိခြင်းကြောင့်သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

 

သတင်းစွဲလမ်းခြင်းကြောင့် မကျန်းမာလာရတာကို သိလာတဲ့လူတွေအနေနဲ့ သတင်းမဖတ်ဘဲနေလိုက်ပြန်လို့လည်း သက်သာလာမှာ မဟုတ်ပါဘူး။

 

အရေးကြီးသတင်းတွေ လွတ်သွားပြီလားလို့ စိုးရိမ်ပူပန်လာရပြီး နိုင်ငံကြီးသားမပီသတဲ့သူအဖြစ် ထင်မှတ်နေစေပါတယ်။

 

အဲဒီအစား အခြားကိစ္စတွေကို အာရုံပြောင်းသွားအောင်လုပ်ဆောင်တာက ပိုပြီးထိရောက်နိုင်ပါတယ်။

 

ဒီလိုမျိုးဖြစ်နေရတာတွေအတွက် စီးပွားရေးအရရော နည်းပညာအရပါ အသုံးချလာကြတဲ့ သတင်းမီဒီယာတွေမှာ အဓိကတာဝန်ရှိတယ်လို့ ယူဆနေကြပါတယ်။

 

သတင်းစွဲလမ်းတဲ့ပြဿနာကို ဖြေရှင်းဖို့ လေ့လာစရာများစွာကျန်နေသေးပြီး ဒီလေ့လာချက်ကလည်း သတင်းရဲ့သက်ရောက်မှုတွေကို သိရှိနားလည်လာစေမှာဖြစ်တယ်လို့ သုံးသပ်ပြထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group