#World_Politics
Published 27 August 2022

 

တရားမဝင် ငါးဖမ်းခြင်းများကို တားဆီးရန် နိုင်ငံတကာတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ကမ်းရိုးတန်းကင်းလှည့်သင်္ဘောကို ဆော်လမွန်ကျွန်းက ကမ်းကပ်ခွင့်မပေးခဲ့ပါဘူး။

 

ဒါဟာ တရုတ်နိုင်ငံက ပစိဖိတ်ဒေသကိုလွှမ်းမိုးရန် ကြိုးပမ်းလာမှုကို စိုးရိမ်နေကြတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ကင်းလှည့်သင်္ဘော'အိုလီဗာဟင်နရီ'ဟာ ပစိဖိတ်သမုဒ္ဒရာပြင်က ငါးဖမ်းခြင်းများကို ကင်းလှည့်စောင့်ကြပ်ရတဲ့တာဝန် ထမ်းဆောင်ခဲ့ပြီး သောကြာနေ့က တာဝန်ပြီးဆုံးခဲ့ပါတယ်။

 

အဲဒီနောက် ဆောလမွန်ကျွန်းရဲ့ ဂွာဒါကန်နဲလ်ကျွန်းမှာ ရိက္ခာနဲ့လောင်စာဖြည့်တင်းရန် ကြိုတင်စီစဉ်ထားတဲ့အတိုင်း ကမ်းကပ်ဖို့ချဉ်းကပ်ခဲ့ကြောင်း ဟိုနိုလူလူရှိ ကမ်းရိုးတန်းစောင့်ရုံးက ပြောကြားခဲ့ပါတယ်။

 

ဆောလမွန်ကျွန်းအစိုးရက သင်္ဘောကမ်းကပ်ဖို့ သံတမန်ရေးရာခွင့်ပြုချက် မထုတ်ခဲ့တာကြောင့် အိုလီဗာဟင်နရီသင်္ဘောဟာ ပါပူဝါနယူးဂီနီသို့ လမ်းကြောင်းပြောင်းလွှင့်ခဲ့ရတယ်လို့ ကမ်းရိုးတန်းစောင့်ရုံးက ရှင်းပြခဲ့ပါတယ်။

 

အိုလီဗာဟင်နရီဟာ သန္တာပင်လယ်နဲ့ ဆိုလိုမွန်ကျွန်းနားတဝိုက် ကင်းလှည့်ပြီးပြန်လာတဲ့နောက် ပါပူဝါနယူးဂီနီ မိုရက်စ်ဘီဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါတယ်။

 

ပစိဖိတ်ကျွန်းနိုင်ငံများတဝိုက် ကင်းလှည့်စောင့်ကြပ်ရေးတာဝန်မှာ ပါဝင်ခဲ့တဲ့ ဗြိတိန်တော်ဝင်ရေတပ် HMS Spey ဟာလည်း ဆော်လမွန်ကျွန်းမှာ ကမ်းကပ်ခွင့်မရခဲ့ကာ တစ်စုံတစ်ရာမှတ်ချက်ပြုခြင်း မရှိသေးပါဘူး။

 

"သင်္ဘောတာဝန်ကိစ္စတွေကို အစဉ်မပြတ်လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြောင်းလဲတတ်ပါတယ်၊ လုံခြုံရေးကိစ္စရပ်များကြောင့် အသေးစိတ်ကိုတော့ ပြောပြလို့မရပါဘူး၊ တော်ဝင်ရေတပ်အနေနဲ့ ဆော်လမွန်ကျွန်းကို တစ်ချိန်ချိန်မှာ သွားရောက်လည်ပတ်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ တော်ဝင်ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

 

ပစိဖိတ်ကျွန်းနိုင်ငံများတဝိုက် ကင်းလှည့်စောင့်ကြပ်ရေးတာဝန်အတွင်း အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်၊ နယူးဇီလန်တိုက ဆော်လမွန်ကျွန်းအပါအဝင် ပါဝင်တဲ့ပစိဖိတ်ကျွန်းနိုင်ငံများအတွက် ဝေဟင်နဲ့ မြေပြင်စောင့်ကြည့်ရေးတို့ကို ထောက်ပံ့ကူညီခဲ့ပါတယ်။

 

တရုတ်က ပစိဖိတ်ဒေသမှာ ဩဇာလွှမ်းမိုးရန်ကြိုးပမ်းလာပြီး ဆော်လမွန်ကျွန်းဝန်ကြီးချုပ်'မာနာဆာဆိုဂါဗာရီ'က တရုတ်နဲ့ လုံခြုံရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်အပါအဝင် အိမ်နီးချင်းနိုင်ငံများကို သတိပေးလိုက်ပါတယ်။

 

ထိုလုံခြုံရေးသဘောတူညီချက်အရ ဩစတြေးလျအရှေ့မြောက်ကမ်းရိုးတန်းမှ ၂ ထောင်ကီလိုမီတာအတွင်း တရုတ်ရေတပ်အခြေစိုက်တစ်ခု ဆောက်လုပ်လာမှာကို စိုးရိမ်နေရပါတယ်။

 

ဆော်လမွန်ကျွန်းမှာ တရုတ်စစ်တပ်ရောက်ရှိလာခြင်းက ဩစတြေးလျနဲ့ နယူးဇီလန်တို့ သတိထားရမယ့်အခြေအနေဖြစ်တဲ့အပြင် အမေရိကန်အဓိကစစ်ရေးအခြေစိုက်တစ်ခုရှိရာ ဂူအမ်နဲ့လည်း နီးစပ်လာမှာဖြစ်ပါတယ်။

 

အမေရိကန်လွှတ်တော်အမတ်'မာရှာဘလက်ခ်ဘန်း'က ဆော်လမွန်ကျွန်းမှာ 'ဆိုဂါဗီရာ'နဲ့တွေ့ဆုံခဲ့ပေမယ့် ကမ်းကပ်ခွင့်မရတဲ့ ကိစ္စကို ပြောဆိုခဲ့လားဆိုတာတော့ မသိရပါဘူး။

 

ဆော်လမွန်ကျွန်းအပြင် ဖီဂျီနဲ့ ပါပူဝါနယူးဂီနီတို့ကိုလည်း သွားရောက်ခဲ့တဲ့ခရီးစဉ်က ပစိဖိတ်ဒေသကို အမေရိကန်အလေးထားကြောင်း ပြသချင်တဲ့ သဘောသာဖြစ်ပါတယ်။

 

ကမ်းရိုးတန်းကင်းလှည့်တပ်ဖွဲ့က ဆော်လမွန်ကျွန်းရဲ့ အချုပ်အခြာ အာဏာကို လေးစားကြောင်း၊ အနာဂတ်မှာ ဆက်ဆံရေးကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

ကမ်းရိုးတန်းကင်းလှည့်တပ်ဖွဲ့မှ ဗိုလ်မှူး'ခရစ္စတင်ကမ်'က ကမ်းကပ်ခွင့်မရတာနဲ့ပတ်သက်ပြီး နောင်အခါ အမေရိကန်သင်္ဘောတွေကို ကမ်းကပ်ခွင့်ပေးဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group