Published-11 Sept 2021
မိုဒါနားက သူတို့ဟာ ကိုဗစ်-၁၉ အားမြှင့်ကာကွယ်ဆေးကို သူတို့စမ်းသပ်ထားတဲ့ တုပ်ကွေးကာကွယ်ဆေးနှင့် ပေါင်းစပ်ပြီး ဆေးတစ်လုံးတည်းအဖြစ် ဖော်စပ်နေတယ်လို့ စက်တင်ဘာ ၉ရက်က ပြောခဲ့ပါတယ်။
 
သူတို့ဟာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်ဝင်ရောက်တဲ့ ဗိုင်းရပ်စ်တွေနှင့် အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အကျိုးသက်ရောက်မှုရှိမယ့် ကာကွယ်ဆေးတွေကို နောက်ဆုံးဖြည့်စွက် ဖော်စပ်သွားနိုင်မယ်လို့ မိုဒါနားကုမ္ပဏီက မျှော်လင့်ယုံကြည်ထားပါတယ်။
 
“ အကယ်၍ အာနိသင်မြင့်မားတဲ့ တစ်နှစ်တစ်ခါထိုးရတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ အားမြှင့်ကာကွယ်ဆေးကိုသာ ထုတ်လုပ်နိုင်ရင် အခွင့်အလမ်းကြီးက ကျွန်တော်တို့အရှေ့မှာ ရှိနေတယ်လို့ ကျွန်တော်တို့ယုံကြည်တယ်” လို့ မိုဒါနားရဲ့ အမှုဆောင်အရာရှိချုပ် စတက်ဖိန်းဘန်ဆဲလ်က သူ့တို့ဆေးဝါးတွေထုတ်လုပ်နေမှု နောက်ဆုံးအခြေအနေကို ရင်းနှီးမြှပ်နှံသူတွေထံ တင်ပြတဲ့ ပွဲမှာ ပြောခဲ့ပါတယ်။
 
“ မိုဒါနားဟာ ဒီလိုအရေးကြီးတဲ့ အခွင့်အလမ်းအသစ်တစ်ခုကို ပထမဆုံးဈေးကွက်တင်သူဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” လို့သူက ပြောခဲ့ပါတယ်။
မိုဒါနာ၊ဖိုကဇာနှင့် ဂျာမန်က ကာကွယ်ဆေးပါတနာ ဘိုင်အိုင်အင်န်တက်ခ်တို့ဟာ ကိုဗစ်-၁၉ အားမြှင့်ကာကွယ်ဆေးတွေကနေ ဒေါ်လာဘီလျံချီသဲ့ယူတော့မယ်လို့ သုံးသပ်သူတွေနှင့် ရင်းနှီးမြှပ်နှံသူတွေက ပြောနေကြပါတယ်။
 
အဲဒီကိုဗစ်အားမြှင့်ကာကွယ်ဆေးထဲကို တုပ်ကွေးအဖျားနှင့် အခြားရောဂါကာကွယ်ဆေးတွေ ပေါင်းထည့်ပေးခြင်းဖြင့် အမြတ်တွေပိုတိုးပွားလာတော့မယ်လို့ ဆိုကြပါတယ်။
မိုဒါနားဟာ များစွာသော တုပ်ကွေးအဖျားကာကွယ်ဆေးတွေကို ဖော်စပ်နေပြီးခဲ့ပါပြီ။ နောင်လာမယ့် ကာကွယ်ဆေးအသစ်မှာ ကိုဗစ်ကာကွယ်ဆေးနှင့် တုပ်ကွေးကာကွယ်ဆေးပေါင်းစပ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။
 
အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ နိုဗာဗက်စ်ကလည်း သူတို့ဟာ ကိုဗစ်နှင့်တုပ်ကွေး ကာကွယ်ဆေးပေါင်းကို စမ်းသပ်ဖို့ ကနဦးအဆင့်လေ့လာနေပြီလို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
Source: Reuters