#World_Crisis
Published 26 August 2022

 

ဂျပန်နိုင်ငံမှဦးဆောင်ကာ သီရိလင်္ကာရဲ့ ကြွေးမြီရှင်နိုင်ငံများအစည်းအဝေးကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး သီရိလင်္ကာနိုင်ငံရဲ့ ကြွေးမြီနစ်နေတဲ့ပြဿနာကို ကူညီဖြေရှင်းဖို့ ရည်ရွယ်နေကြပါတယ်။

 

ဒါပေမဲ့ ထိုအစီအစဉ်နဲ့ပတ်သက်နေတဲ့ သတင်းအရင်းအမြစ်အရ တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ဖို့ မသေချာမရေရာဘူးလို့ သိရပါတယ်။

 

လွတ်လပ်ရေးရပြီးနောက်ပိုင်း သီရိလင်္ကာမှာ အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ ကြွေးမြီပြဿနာကို ဖြေရှင်နိုင်ရန်ရည်ရွယ်ပြီး ဂျပန်က ကြွေးရှင်နိုင်ငံများနဲ့ လက်ခံတွေ့ဆုံဖို့ လမ်းဖွင့်ပေးထားပါတယ်။

 

ဒါပေမဲ့ နံပါတ် ၁ ကြွေးမြီရှင်တရုတ်နိုင်ငံက ပါဝင်ဆွေးနွေးမှာလားဆိုတာ မသေချာသေးသလို သီရိလင်္ကာရဲ့ဘဏ္ဍာရေးအခြေအနေကလည်း မရှင်းမလင်းဖြစ်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

သီရိလင်္ကာအကြွေးပြဿနာများကိုသာ ဖြေရှင်သွားမယ်ဆိုပါက တရုတ်နဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ဂျပန်မှ လိုလိုလားလား ဦးဆောင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

နှစ်နိုင်ငံကြွေးမြီများ လျှော့ပေါ့သတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အဓိကကြွေးရှင်နိုင်ငံများကို ဖိတ်ကြားပေးရန် သီရိလင်္ကာက ဂျပန်ကို အကူအညီတောင်းဆိုခဲ့ကြောင်း သမ္မတ'ရာနေးလ်ဝစ်ခရမ်ဆင်ဂီ'က ရိုက်တာသတင်းဌာနထံ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

 

နောက်လအတွင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း'ရှင်ဇိုအာဘေး'ရဲ့ အသုဘအခမ်းအနားသို့ တက်ရောက်တဲ့အခါ လက်ရှိဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'နဲ့ တိုကျိုမှာ ထိုကိစ္စအကြောင်း ဆွေးနွေးသွားမယ်လို့ အသိပေးလိုက်ပါတယ်။

 

နံပါတ် ၂ ကြွေးမြီရှင် ဂျပန်နိုင်ငံက သီရိလင်္ကာကိုကယ်တင်ချင်ရုံမက ဒေါ်လာ ၃ ဘီလီယံအကြွေးတွေကို ပြန်လည်ရယူချင်တဲ့အပြင် တရုတ်ရဲ့ကြီးထွားလာမှုကိုလည်း စူးစမ်းချင်နေတဲ့ သဘောရှိပါတယ်။

 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က အကူအညီပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး သီရိလင်္ကာသမ္မတနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ရာ အကြွေးဒေါ်လာ ၂၉ ဘီလီယံလျှော့ပေါ့သတ်မှတ်ရေးနဲ့ သီရိလင်္ကာက IMF ထံမှ ဒေါ်လာ ၃ ဘီလီယံအကူအညီရယူရေးကိစ္စများ ဆွေးနွေးခဲ့ကြပါတယ်။

 

သမ္မတက ထိုနေ့မှာပဲ ဂျပန်သံအမတ်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

 

သီရိလင်္ကာက အကြွေးတွေကို မဆပ်နိုင်ဘဲ အချိန်တွေကုန်နေတာကြောင့် ကြွေးရှင်နိုင်ငံတွေအနေနဲ့ ထိရောက်တဲ့အစီအစဉ်တစ်ရပ်ကို ချမှတ်သဘောတူပေးဖို့က အခုအချိန်မှာ အရေးကြီးဆုံးဖြစ်နေပါတယ်။

 

ဂျပန်နိုင်ငံက ဒီအစီအစဉ်ကိုလုပ်ဆောင်ချင်နေပေမယ့် ဂျပန်တစ်နိုင်ငံတည်းကပဲ လုပ်ဆောင်နေလို့မရကြောင်း၊ အခြားနိုင်ငံတွေပါဝင်လာဖို့ကလည်း အလွန်အရေးကြီးကြောင်း သတင်းအရင်းအမြစ်တစ်ခုထံမှ သိရပါတယ်။

 

တွေ့ဆုံမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုခြင်း မရှိသေးသလို သီရိလင်္ကာဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ IMF ပြောရေးဆိုခွင့်ရှိသူတိုကလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။

 

Source: Reuters
#Yangon_Media_Group