#World_Health
Published 23 August 2022

 

ကိုဗစ်ရောဂါကူးစက်ခံရပြီး ၂ နှစ်ကြာတဲ့အထိ ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး လူပေါင်း ၁.၂၅ သန်းကို စစ်တမ်းကောက်ယူခဲ့ကာ The Lancet Psychiatry ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

ဒီလေ့လာချက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ရေရှည်ရော ရေတိုမှာပါ အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများကို လေ့လာခဲ့တာဖြစ်ပါတယ်။

 

ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတာက ဆေးပညာပိုင်းအရ ရောဂါအချက်အလက်ဆိုတာထက် စိတ်ခံစားချက်တစ်ခုသာဖြစ်ပါတယ်။

 

ဟားဗတ်ဒ်တက္ကသိုလ်မှ မှတ်ချက်ပြုထားတာကတော့ ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့စဉ်းစားဆုံးဖြတ်ချက်က လေးလံနှေးကွေးပြီး ထက်မြက်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။

 

ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ ဆေးဝါးသုံးစွဲနေရခြင်း၊ အခြားနောက်ထပ်ရောဂါပါ ဖြစ်ပွားခြင်း စတာတွေ ပါဝင်ပါတယ်။

 

ဒီလိုအချက်တွေ တဖြည်းဖြည်းလျော့ပါးသွားတဲ့အခါ ဦးနှောက်ထိုင်းမှိုင်းနေတာလည်း သက်သာလာတတ်ပါတယ်။

 

ကိုဗစ်ရောဂါကြောင့် ဦးနှောက်ကို ထိခိုက်မှုများစွာဖြစ်ပွားစေပေမယ့် ဦးနှောက်ထိုင်းမှိုင်းခြင်းကတော့ အသိသာဆုံးလက္ခဏာပါ။

 

လေ့လာချက်များအရ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာ ၈ ဦးမှာ ၁ ဦးနှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

 

အနံ့အရသာပျောက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ နွမ်းနယ်ခြင်းတို့ဖြစ်တတ်ပြီး ဦးနှောက်ထိုင်းမှိုင်ခြင်းက အလွယ်တကူမပျောက်သွားတတ်ပါဘူး။

 

ကိုဗစ်ကူးစက်ခံရပြီး ၂ နှစ်လောက်ကြာတဲ့အထိ ဦးနှောက်ထိုင်းမှိုင်းခြင်းအပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဝက်ရူးပြန်ထခြင်း၊ တက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းများပါ ဖြစ်ပေါ်တတ်ပါတယ်။

 

ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေဟာ အခြားမျိုးဗီဇကွဲတွေထက် အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းများ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။

 

ကလေးတွေဟာ လူကြီးတွေလောက် နောက်ဆက်တွဲလက္ခဏာမဖြစ်ကြသလို အသက် ၆၅ နှစ်အထက်လူကြီးတွေမှာတော့ လူလတ်ပိုင်းတွေထက် ဖြစ်နိုင်ချေပိုများနေပါတယ်။

 

ကပ်ရောဂါမပြီးသေးတဲ့အချိန်ဖြစ်နေတာကြောင့် ဒီလိုနောက်ဆက်တွဲလက္ခဏာတွေက ဘယ်လောက်အထိ ကြာကြာဖြစ်တတ်လဲဆိုတာ သေချာမသိရသေးပါဘူး။

 

ဒီလိုလက္ခဏာတွေကို ပျောက်ကင်းစေနိုင်မယ့် ဆေးစွမ်းကောင်းမရှိပေမယ့် အပြုအမူနေထိုင်မှုပုံစံများဖြင့် လက္ခဏာသက်သာအောင် ကျင့်ကြံနိုင်ပါတယ်။

 

အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများပါဝင်တဲ့ အစားအစာများနဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာများစားသုံးခြင်း၊ နေ့စဉ် မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အလွန်အမင်းနွမ်းနယ်ခြင်းမဖြစ်စေရန် စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးခြင်း၊ ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပေးခြင်း၊ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောဓာတ် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

 

ဒီလိုမျိုးကျင့်ကြံနေထိုင်ပါက ကိုဗစ်ရောဂါကူးစက်ခံနေရချိန်မှာတောင် ကွဲပြားစွာခံစားရစေမှာ ဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group