#World_Society
Published 19 August 2022

 

သီးသန့်ပါတီပွဲတွေမှာ ဖင်လန်နိုင်ငံဝန်ကြီးချုပ်'ဆန်နာမာရင်' ကခုန်နေခဲ့တဲ့ဗီဒီယိုတွေ အွန်လိုင်းပေါ်မှာပျံ့နှံသွားတာကြောင့် မကျေမနပ်ဖြစ်နေရတယ်လို့ ကြာသပတေးနေ့မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

 

အသက် ၃၆ နှစ်ရှိ ဝန်ကြီးချုပ်'မာရင်'နဲ့အတူ ပြည်တွင်းမှ နာမည်ကျော်ပုဂ္ဂိုလ်များနဲ့ အနုပညာရှင်များ သီဆိုကခုန်နေတာကို ရိုက်ကူးထားတဲ့ ၂ မိနစ်စာဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေနဲ့ ဖင်လန်မီဒီယာတွေကြား ဗုဒ္ဓဟူးနေ့က ပျံ့နှံသွားခဲ့ပါတယ်။

 

ထိုဗီဒီယိုတွေက အစကတော့ အင်စတာဂရမ်သီးသန့်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကမ္ဘာ့အသက်အငယ်ရွယ်ဆုံးအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ 'မာရင်'ဟာ ဗီဒီယိုရိုက်နေတယ်ဆိုတာကို သိထားပေမယ့် လူအများကြားပျံ့နှံသွားမယ်လို့ မထင်ခဲ့မိကြောင်း ဆိုပါတယ်။

 

"ဒီဗီဒီယိုတွေကို သီးသန့်တစ်နေရာမှာ ရိုက်ကူးခဲ့တာပါ၊ ဒါကို အများပြည်သူကြားသိရှိသွားတဲ့ ဒေါသဖြစ်မိပါတယ်၊ ဘယ်သူဖြန့်လိုက်လဲဆိုတာကို မသိရသေးပါဘူး" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

'မာရင်'ဟာ အရည်အချင်းရှိပြီး သိုသိုသိပ်သိပ်နေတတ်တာကြောင့် ဖင်လန်ပြည်သူအများအပြားက ထောက်ခံအားပေးကြပါတယ်။

 

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အုပ်ချုပ်ရေးစနစ်ဟာ မေးခွန်းထုတ်ချင်စရာဖြစ်လာကြောင်း ဟယ်လ်ဆင်ဂင်ဆာနိုမက်သတင်းစာက ဖော်ပြလိုက်ပါတယ်။

 

"မာရင်က ယုံကြည်တတ်သူဖြစ်ပေမယ့် ဒီလောက်လွယ်လွယ်နဲ့ မယုံသင့်ပါဘူး၊ ဖင်လန်နိုင်ငံကို ပျက်ပြားစေချင်တဲ့ သူတွေလက်ထဲ ဝန်ကြီးချုပ်က သေနတ်ထည့်ပေးလိုက်သလိုပါပဲ" လို သတင်းစာမှာဖော်ပြထားပါတယ်။

 

ဒီဗီဒီယိုတွေဟာ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်လောက်က ပွဲနှစ်ခုမှာ ရိုက်ကူးခဲ့တဲ့ဗီဒီယိုတွေဖြစ်ကာ ထိုပွဲတွေမှာ လူတွေက အရက်သေစာသောက်စားကြပေမယ့် သူသိသလောက်တော့ ဆေးချတဲ့သူမရှိဘူးလို့ 'မာရင်'က ဆိုပါတယ်။

 

"ကျွန်မတို့ ပါတီလုပ်ပြီး ပျော်ပါးခဲ့ကြတာပဲရှိတာပါ၊ သီချင်းဆိုတယ်၊ ကတယ်၊ နောက်ထပ်ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်တောင်မလိုတဲ့အချိန်ကျမှ စတန့်ထွင်ပြီးဗီဒီယိုတွေကို လွှင့်လိုက်တာမဟုတ်ပါဘူး" လို့ ပြောပြခဲ့ပါတယ်။

 

'မာရင်'နဲ့ ငယ်ရွယ်တဲ့အခြားအမျိုးသမီးဝန်ကြီးချုပ်တွေဟာလည်း မိန်းမသားဖြစ်နေရတဲ့အတွက် ရုံးအတွင်း စကားများဖြင့် ပစ်မှတ်ထားထိုးနှက်ခြင်းခံနေရကြောင်း ဇန်နဝါရီလက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group