#World_Health
Published 19 August 2022

 

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက အဟာရဓာတ်အကြွယ်ဝဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပြီး ဗိုက်တာမင်-ကေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါနဲ့ သွေးခဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 

လေ့လာချက်အသစ်တစ်ခုမှာ ဗိုက်တာမင်-ကေပါဝင်တဲ့ အစားအစာများကို စားသုံးခြင်းက ဆဲလ်သေဆုံးခြင်းကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါလို ခန္ဓာကိုယ်ဆုတ်ယုတ်ခြင်းကြောင့် ဖြစ်လာတဲ့ရောဂါများကို တားဆီးပေးနိုင်ကြောင်း နိုင်ငံတကာသုတေသီအဖွဲ့က တွေ့ရှိခဲ့ပြီး Nature ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။

 

ဟားဗတ်ကျန်းမာရေးတက္ကသိုလ်ရဲ့ ဖော်ပြချက်အရ ဗိုက်တာမင်-ကေဟာ နှစ်မျိုးနှစ်စားရှိပါတယ်။

 

အဓိကတစ်မျိုးက ကိုက်လံနဲ့ ဟင်းနုနွယ်တို့လို အစိမ်းရောင်အရွက်တွေမှာပါဝင်တဲ့ ဖိုင်လိုကွီနုန်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုယ်တွင်းကလီစာအသားတွေနဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာပါဝင်တဲ့ မီနာကွီနုန်းတို့ဖြစ်ပါတယ်။

 

ဗိုက်တာမင်-ကေက ခန္ဓာကိုယ်ထဲမှာ ပုံစံမျိုးစုံနဲ့စုပ်ယူပြီး အမျိုးမျိုးသောလုပ်ငန်းဆောင်တာများ လုပ်ဆောင်ပါတယ်။

ဗိုက်တာမင်-ကေက ဆဲလ်သေခြင်းကိုတားဆီးပေးတဲ့ အန်တီအောက်ဆီဒင့်အဖြစ် လုပ်ဆောင်ပေးကြောင်း မြူးနစ်၊ ဂျပန်၊ ကနေဒါတက္ကသိုလ်တို့မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။

 

ဖယ်ရော့ပ်တိုဆစ်ဆိုတဲ့ဖြစ်စဉ်ဟာ သဘာဝအတိုင်းဆဲလ်သေဆုံးခြင်းဖြစ်ပြီး အယ်လ်ဇိုင်းမားနဲ့ အခြားရောဂါတွေမှာ တွေ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

 

အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ရောဂါတွေကို ကုသရာမှာ ဖယ်ရော့ပ်တိုဆစ်ဖြစ်စဉ်ကို တားဆီးဖို့က အရေးပါတဲ့အချက်ဖြစ်လာပါတယ်။

 

ဂျပန်တိုဟိုကူတက္ကသိုလ်မှ ဒေါက်တာ'အီကန်မီရှီမာ'က ဖိုင်လိုကွီနုန်း(ဗိုက်တာမင်-ကေ၁)နဲ့ မီနာကွီနုန်း(ဗိုက်တာမင်-ကေ၂)တိုဟာ ဆဲလ်တွေကိုကယ်ဆယ်နိုင်ပြီး ဖယ်ရော့ပ်တိုဆစ်ဖြစ်စဉ်ဖြစ်လာတဲ့ တစ်ရှူးတွေကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

အဟာရဓာတ်ကြွယ်ဝစွာစားသုံးရင် အယ်လ်ဇိုင်းမားကဲ့သို့ရောဂါတွေကို တားဆီးနိုင်ကြောင်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

 

ဖလေဗိုနွိုက်ဓာတ်တွေပါဝင်တဲ့ အစားအစာတွေဟာ အယ်လ်ဇိုင်းမားရောဂါကို နှောင့်နှေးတားဆီးနိုင်ကြောင်း ၂၀၂၀ မှာ တွေ့ရှိထားပါတယ်။

 

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ရေနွေးကြမ်းတို့က မှတ်ဉာဏ်ချို့တဲ့ခြင်းရောဂါတွေကို လွယ်ကူရိုးရှင်းစွာ ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

ဖလေဗိုနွိုက်ဓာတ်အဓိကပါဝင်တဲ့ အစားအစာတွေက သစ်တော်သီး၊ သံလွင်ဆီ၊ ကိုက်လံ၊ ပဲ၊ လက်ဖက်ခြောက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ဝိုင်၊ ခရမ်းချဉ်သီး၊ ပန်းသီးတို့ဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group