#World_Business
Published 16 August 2022

 

မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းများနဲ့အညီ ထုတ်လုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ခေါက်ဆွဲခြောက်ထုပ်လုပ်ငန်းများက သူတို့ရဲ့ခေါက်ဆွဲခြောက်ထုပ်ဈေးနှုန်းများကို တိုးမြှင့်ခွင့်ပေးဖို့ နိုင်ငံတော်အစိုးရကို ဩဂုတ် ၁၅ ရက်နေ့(တနင်္လာနေ့)က တောင်းဆိုလိုက်ပါတယ်။

 

ဒါဟာ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ ဈေးတက်လာဖို့ အလားအလာမြင်တွေ့နေရတာ ဖြစ်ပါတယ်။

 

ခေါက်ဆွဲခြောက်ထုပ်များနဲ့ အသင့်စားစားသောက်ကုန်များရဲ့ ဈေးနှုန်းတွေကို ထိုင်းနိုင်ငံဥပဒေအတိုင်း ထိန်းချုပ်ထားပါတယ်။

 

မာမား(Mama)၊ ဝေဝေ(Wai Wai)နဲ့ ဂျပန်နိုင်ငံထုတ် နစ်ဆင်(Nissin) ခေါက်ဆွဲခြောက်အမှတ်တံဆိပ်များအပါအဝင် ခေါက်ဆွဲခြောက်ကုမ္ပဏီကြီး ၅ ခုက သူတို့ခေါက်ဆွဲခြောက်ထုပ်တွေရဲ့ဈေးနှုန်းကို (၆)ဘတ် ( ဝ.၁၇ ဒေါ်လာ ) မှ (၈)ဘတ် ( ဝ.၂၃ ဒေါ်လာ )သို့ ဈေးတက်ခွင့်ပေးရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

ရောင်းကုန်များရဲ့ဈေးနှုန်းကို တိုးမြှင့်ခွင့်ပြုရန် အချို့ကုမ္ပဏီတွေရဲ့တောင်းဆိုချက်တွေကို အစိုးရက များမကြာမီအချိန်က ငြင်းပယ်ခဲ့ဖူးပါတယ်။

 

"ရုရှား-ယူကရိန်းစစ်ပွဲပဋိပက္ခကြောင့် ဆီဈေးနှုန်းသိသိသာသာ မြင့်တက်လာပါတယ်၊ ဂျုံမှုန့်နဲ့ စားအုန်းဆီဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပါတယ်" လို့ ထိုင်းနိုင်ငံစားသောက်ကုန်စက်ရုံရဲ့ဒုဥက္ကဌ ဝေဝေ အမှတ်တံဆိပ်လုပ်ငန်းမှ 'ဝီရာနာပါပရူချက်'က ပြောပြပါတယ်။


ရောင်းကုန်ပစ္စည်းအချို့ကို ရှုံးလျက်နဲ့ရောင်းချနေရပြီး ထိုင်းနိုင်ငံအတွင်းမှာ ရောင်းအားကျလာနိုင်ပါတယ်။

 

ဈေးတက်ဖို့ခွင့်ပြုချက်မရဘူးဆိုရင် နိုင်ငံခြားဈေးကွက်တွေကိုသာ ပြောင်းလဲရောင်းချလာနိုင်ပြီး ထိုဈေးကွက်မှာလည်း ဈေးနှုန်းတက်နေပြီးသား ဖြစ်ပါတယ်။

 

အစိုးရက ထိုတောင်းဆိုချက်များကို တစ်ဆင့်ချင်းစီ စဉ်းစားသွားမှာဖြစ်ပြီး စားသုံးသူရော ထုတ်လုပ်သူရော နှစ်ဖက်စလုံးအကျိုးရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် 'ဝါတာနာဆက်ဆာအီယမ်'က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

Source: CNA
#Yangon_Media_Group