#Health_Technology
Published 15 August 2022

 

အစ္စရေးလ်မှ AvoMed ကုမ္ပဏီဟာ ထောပတ်သီးအစေ့ကနေ PFA (ပိုလီဟိုက်ဒရောဆီလိတ်တက် ဖက်တီးအယ်လ်ကိုဟော) လို့ခေါ်တဲ့ အထူးဒြပ်ပေါင်းကို စစ်ထုတ်ယူတဲ့နည်းပညာအား ထုတ်လုပ်နိုင်ခဲ့ပါတယ်။

 

ဒီဒြပ်ပေါင်းဟာ အရေပြားထိခိုက်မှုနဲ့ ရောင်ရမ်းခြင်းတို့ကို ကုသပေးနိုင်တဲ့ အလှကုန်ပစ္စည်းများမှာ အသုံးပြုတဲ့ပါဝင် ပစ္စည်းဖြစ်ပါတယ်။

 

မူပိုင်ခွင့်နဲ့ ထုတ်လုပ်ရောင်းချကြော်ငြာခြင်း လုပ်ငန်းစဉ်များအတွက် AvoMed က ကြိုးပမ်းလျက်ရှိပါတယ်။

 

PFA က အသားရေကာကွယ်ခြင်းနဲ့ အရေပြားပြဿနာများကို ကုသရာမှာ ထိရောက်တဲ့ဓာတ်ပစ္စည်းဖြစ်တယ်လို့ AvoMed က ယုံကြည်ထားပါတယ်။

 

သူတို့ရဲ့ယူဆချက်ကို အတည်ပြုနိုင်ဖို့ နောက်ထပ်သုတေသနများ ပြုလုပ်ထားပါတယ်။

 

"လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက အစ္စရေးလ်နည်းပညာတက္ကသိုလ် တက်ခ်နီယန်က PFA ကို စပြီးသုတေသနပြုလုပ်ခဲ့ပါတယ်၊ အဲဒီနောက် PFA က အရေပြားဆဲလ်တွေအတွက် တကယ်ကောင်းကျိုးဖြစ်စေတာကို တွေ့ရှိခဲ့ကြပါတယ်" လို့ AvoMed စီအီးအို'ရှိင်းဘန်ဆတ်ဒ်'က ပြောပြပါတယ်။

 

ထောပတ်သီးက ထုတ်ယူရရှိတဲ့ PFA မှာ ကောင်းကျိုးတွေရှိတယ်လို့ သိရှိခဲ့ကြပေမယ့် အော်ဂဲနစ်ပျော်ရည်တွေ အသုံးမပြုဘဲ ဘယ်လိုစစ်ထုတ်ယူရမလဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။

 

PFA ထုတ်ယူတဲ့နေရာမှာ အော်ဂဲနစ်ပျော်ရည်တွေကို အသုံးပြုလိုက်ရင် ရလာတဲ့ပစ္စည်းက အလှကုန်ပစ္စည်းတွေ ဆေးပစ္စည်းတွေမှာ အသုံးပြုလို့ မရတော့ကြောင်း 'ဘန်ဆတ်ဒ်'က ဆိုပါတယ်။

 

AvoMed ကို တည်ထောင်တဲ့အချိန်မှာတော့ PFA ကို သန့်စင်စွာနဲ့ စစ်ထုတ်နိုင်မယ့်နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။

 

ဒါကြောင့် PFA ကို အလှကုန်နဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်တွေမှာ ပထမဆုံးအသုံးပြု ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်လာဖွယ်ရှိနေပါတယ်။

 

အကုန်အကျများပြီး ပိုမိုခက်ခဲတဲ့ ဆေးဘက်ဆိုင်ရာထုတ်ကုန်များ မထုတ်လုပ်ခင် လောလောဆယ်မှာတော့ အရေပြားပြဿနာများကို ကုသနိုင်တဲ့ အလှကုန်များထုတ်လုပ်နိုင်ဖို့ အာရုံစိုက်နေပါတယ်။

 

လက်ရှိမှာတော့ နေရောင်ခြည်ထိခိုက်မှုကိုကုသတဲ့ ထုတ်ကုန်နဲ့ အရေပြားဓာတ်မတည့်ခြင်းကိုကုသတဲ့ ထုတ်ကုန် ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။

 

ဆေးဆိုင်တွေနဲ့ အလှကုန်ဆိုင်တွေမှာ ထောပတ်သီးအဆီနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေ မပြတ်ရှိနေတာကြောင့် PFA ကိုအသုံးချနိုင်တဲ့ ကုမ္ပဏီအနေနဲ့ ဈေးကွက်မှာ သူများတွေထက် အသာရလာနိုင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group