Published 14 August 2022

၁၉၄၇ခုနှစ်မှာ ပိုင်းခြားပြီးကတည်းက မတွေ့ကြရတော့တဲ့  အိန္ဒိယက ဆီကာခန်းဟာ ပါကစ္စတန်က သူ့အစ်ကိုနှင့်  ပထမဆုံး ပြန်လည်တွေ့ဆုံတဲ့အခါ သူ့ရဲ့ ညိုးလျော်နေတဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ လိမ့်ဆင်းလာပါတော့တယ်။ ဆစ်ခ်အလုပ်သမား တစ်ဦးဖြစ်တဲ့ ဆီကာဟာ သူ့အစ်ကို ဆာဒစ်ခန်းနှင့် ကွဲကွာသွားကြတဲ့အချိန်တုန်းက ခြောက်လသားလေးပဲရှိပါသေးတယ်။   ကိုလိုနီအုပ်စိုးမှုကို ဗြိတိသျှတို့က အဆုံးသတ်ပြီးနောက် အိန္ဒိယတိုက်ငယ်ဟာ နှစ်ခြမ်းကွဲသွားခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာ ပိုင်းခြားမှု (၇၅)နှစ်ရှိပါပြီ။ အဲဒီပိုင်းခြားမှုအတွင်းမှာ  ဂိုဏ်းဂဏအစွဲတွေကြောင့် သွေးထွက်သံယိုမှုတွေဖြစ်ခဲ့ပြီး အနည်းဆုံး လူတစ်သန်းခန့်သေဆုံးခဲ့ကြရပါတယ်။ ဆီကာတို့လို မိသားစုတွေလည်း ပါကစ္စတန်နှင့် အိန္ဒိယရယ်လို့ လွတ်လပ်တဲ့ နိုင်ငံနှစ်နိုင်ငံ ဖန်တီးအပြီးမှာ တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ကြရပါတယ်။

ဆီကာရဲ့ အဖေနှင့် အစ်မတို့ဟာ လူအုပ်စုလိုက် သတ်ဖြတ်မှုတွေအထဲမှာ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ၁၀နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆာဒစ်ကတော့ ပါကစ္စတန်ကိုထွက်ပြေးသွားနိုင်ခဲ့ပါတယ်။

“ ကျွန်တော့်အမေက ဒီစိတ်ဒဏ်ရာတွေကို မခံစားနိုင်တော့လို့ မြစ်ထဲခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တယ်ဗျာ” လို့ ဆီကာက အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပန်ဂျပ်ပြည်နယ်၊ ဘာတင်ဒါခရိုင်က သူ့ရဲ့ အုတ်အိမ်ရိုးရိုးကလေးမှာ ရှိနေရင်း ပြောပြ ပါတယ်။အဲဒီနေရာဟာ ပိုင်းခြားရေးအကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့တဲ့ဒေသဖြစ်ပါတယ်။

“ ကျွန်တော်ဟာ ရွာသားတွေရဲ့ ညှာတာထောက်ထားမှုကြောင့် ကျန်ရစ်ခဲ့ပြီး ဆွေမျိုးအချို့က ကျွန်တော့်ကို ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်” လို့ သူကပြောပါတယ်။

ဆီကာဟာ ကလေးဘဝအရွယ်မှာတောင် သူ့အစ်ကို ကို ရှာတွေ့ချင်စိတ်ပြင်းပြခဲ့တာပါ။ သူ့အစ်ကိုဟာ သူတို့မိသားစုမှာ  ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။ပြီးခဲ့တဲ့ (၃)နှစ်လောက်ကတော့ သူတို့ရပ်ကွက်ထဲက ဆရာဝန်တစ်ဦးက စပြီး ကူညီပေးပါတယ်။ ပါကစ္စတန်က ယူကျုဘာ YouTuber နာဆီယာ  ဒီလွန်ကို အကြိမ်များစွာ ဖုန်းဆက်ပြီး အကူအညီရယူ ခဲ့ပါတယ်။ နောက်ဆုံးမတော့ ဆီကာဟာ ဆာဒစ်နှင့် ပြန်လည်တွေ့ဆုံနိုင်ခဲ့ပြီဖြစ်ပါတယ်။

အိန္ဒိယက ဆစ်ခ် ဝတ်ပြုခရီးသွားတွေ ပါကစ္စတန်က ဘုရားကျောင်းကို သွားရောက်လည်ပတ်ဖို့ သတ်မှတ်ပေးထားတဲ့ ဗီဇာမလိုဖြတ်ကျော်နေရာတစ်ခုဖြစ်တဲ့ ကာတာပါ ကော်ရစ်ဒါ မှာ ညီအစ်ကိုနှစ်ယောက်ဟာ ယခုနှစ် ဇန်နဝါရီမှာ စတင် တွေ့ဆုံနိုင်ခဲ့ကြပါတယ်။

အဲဒီကော်ရစ်ဒါဟာ ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး  ကွဲကွာနေကြတဲ့ မိသားစုတွေအတွက် သွေးစည်းခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်းသရုပ်သကန်နေရာနေဖြစ်ပါတယ်။

“ ကျွန်တော်က အိန္ဒိယကလာတယ်။ သူက ပါကစ္စတန်က။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် သိပ်ချစ်ကြတယ်” လို့ ဘောင်သွင်းထားတဲ့ မိသားစုဓာတ်ပုံ ခပ်မှိန်မှိန်ကို ဆုပ်ကိုင်ထားရင်း ဆီကာက ပြောပါတယ်။

“ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အားပါးတရ ဖက်ပြီးငိုကြတယ်။ ဒါပထမဆုံးတွေ့ကြရတာလေ။ နှစ်နိုင်ငံကတော့ ဆက်ပြီးချနေကြတုန်းပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အိန္ဒိယ-ပါကစ္စတန် နိုင်ငံရေးကို အရေးမစိုက်ကြပါဘူးဗျာ” လို့ သူကပြောပါတယ်။

အသက်၃၈နှစ်အရွယ် ပါကစ္စတန်လယ်သမားနှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်နေတဲ့ ဒီလွန်ဟာ မူစလင်တစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ယူကျု ချယ်နယ်ကို သူငယ်ချင်းဖြစ်တဲ့ ပါကစ္စတန်ဆစ်ခ်လူမျိုး  ဘူပင်ဒါဆင်းနှင့်အတူတည်ထောင်ထားပြီး အဲဒီကနေ တစ်ဆင့်  မိသားစု ၃၀၀ခန့် ပြန်လည်ပေါင်းစည်းရေး ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

“ ဒီအလုပ်က ကျွန်တော် ဝင်ငွေရှာတဲ့နေရာမဟုတ်ဘူး။ ဒီအလုပ်ကို ကျွန်တော် အူလှိုက်သည်းလှိုက် ကူညီလုပ်ဆောင်နေတာပါ” လို့ ဒီလွန်က အေအက်ဖ်ပီကိုပြောပါတယ်။

“ ဒီဇာတ်လမ်းတွေကို ကျွန်တော်ကိုယ်တိုင်ဇာတ်လမ်းတွေလို အဖိုးအဖွားတွေရဲ့ဇာတ်လမ်းတွေကို  ခံစားရတယ်။  အဲဒဲကြောင့် အသက်ကြီးသူတွေရဲဆန္ဒ ဖြည့်ဆည်းပေးရတာကိုက ကျွန်တော့်အဖိုးအဖွားတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရသလိုပဲဗျာ” လို့သူကပြောပါတယ်။

သူဟာ ခန်းညီအစ်ကိုပြန်တွေ့ကြရတာကို သူနင့်ကနဲခံစားရပြီး သူတို့ပြန်လည်ပေါင်းစည်းတာအတွက် အသေအချာဖြစ်စေဖို့ လိုတာမှန်သမျှလုပ်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။

“ သူတို့နှစ်ယောက် ကာတာပါမှာ ပြန်လည်ပေါင်းစည်းကြတဲ့အခါ ကျွန်တော်တစ်ယောက်တည်းတင်မကဘူး ဝင်းကြီးထဲက ကျန်တဲ့လူ၆၀၀လောက်ကလည်း သူတို့ပြန်တွေ့ကြပုံကိတွေ့ကြပြီး ငိုကြတယ်ဗျာ” လို့ သူက ပါကစ္စတန်နိုင်ငံ ဖိုင်ဆာလာဘတ်ကနေ အေအက်ဖ်ပီကိုပြောပါတယ်။

၁၉၄၇ခုနှစ် ဗြိတိသျှအစိုးရက သူတို့ရဲ့အင်ပါယာကိုဖြိုဖျက်တဲ့အချိန်မှာ ဟိန္ဒူ၊ဆစ်ခ်နှင့်မူစလင်သန်းပေါင်းများစွာဟာ ထွက်ပြေးခဲ့ကြပါတယ်။

လူတစ်သန်းခန့်ဟာ အသတ်ခံရတယ်လို့ခန့်မှန်းခဲ့ပေမယ့် အချို့က နှစ်ဆအထိရှိနိုင်တယ်လို့ ထင်ထားကြပါတယ်။ ဟိန္ဒူနှင့် ဆစ်ခ်တွေဟာ အိန္ဒိယကိုပြေးကြပြီး မူစလင်တွေက ဆန့်ကျင်ဖက် ပါကစ္စတန်ကိုပြေးကြပါတယ်။

အမျိုးသမီးတွေနှင့် မိန်းမငယ်ထောင်ပေါင်းများစွာဟာ မတရားပြုကျင့်ခံခဲ့ကြရပါတယ်။ နှစ်နိုင်ငံက ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ရထားတွေဆိုက်ရောက်တဲ့အခါ လူသေကောင်တွေနှင့် ပြည်နှက်နေခဲ့ပါတယ်။

အဲဒီပိုင်းခြားမှုရဲ့ အမွေဆိုးက ယနေ့တိုင်တည်နေဆဲပါ။ နူကလီးယားပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံဟာ ယဉ်ကျေးမှုနှင့် ဘာသာစကား နီးစပ်ဆက်နွယ်မှုတွေရှိနေကြပေမယ့် နာကြည်းစွာ ပြိုင်ဆိုင်နေကြတာပဲ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။

ဒါပေမယ့် မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာတရားတွေကတော့ နယ်စပ်ကို ကျော်လွှားနေကြပါတယ်။

ဆစ်ခ်အမျိုးနွယ်ဖြစ်တဲ့ ဘာဒက်နှင့် ဂါမူဆင်းတို့ဟာ ပါကစ္စတန်မှာ မူစလင်အဖြစ် ကြီးပြင်းလာရတဲ့ နှမဝမ်းကွဲ မမ်တက် ဘီဘီကို ပွေ့ဖက်ဖို့ ဝန်မလေးကြပါဘူး။ ကလေးဘဝမှာ အထိကရုန်းတွေကြားထဲ  သေဆုံးနေတဲ့ မိခင်ကြီးဘေးမှာ တွေ့ရတဲ့ သူမကို မူစလင်လင်မယားက တွေ့ပြီး ကောက်ယူမွေးစားခဲ့တာဖြစ်ပါတယ်။  သူမရဲ့ဖခင်ကတော့ ဇနီးနှင့်သမီးသေသွားခဲ့ပြီ ထင်ထားခဲ့ပြီး နောက်ပိုင်းမှာ ထုံးတမ်းစဉ်လာအရ ခယ်မဖြစ်သူကို ထပ်မံလက်ထပ်ခဲ့ပါတယ်။

ဆစ်ခ်ညီအစ်ကိုဟာ သူတို့ရဲ့နှမကလေး အသက်ရှင်ကျန်ရစ်တုန်းပဲဆိုတာကို သိရှိကြသွားပြီးတဲ့နောက် ဒီလွန်ရဲ့ ချယ်နယ်ရဲ့ အကူအညီနှင့်ပါကစ္စတန်က ဆိုင်ရှင်တစ်ယောက်နှင့် ဖုန်းပြောလို့ရခဲ့ပါတယ်။

“ ပထမဆုံး နှမကလေးကိုတွေ့ရတဲ့အချိန် ကျွန်တော်တို့ အတိုင်းအဆမရှိပျော်လိုက်ရတာဗျာ” လို့ အသက်၆၅နှစ်အရွယ် ဘာဒက်ဆင်းကပြောပါတယ်။

“ နှမလေးက မူစလင်ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ကျွန်တော်တို့က သွေးတူသားတူတွေပဲလေ” လို့ သူကပြောပါတယ်။

အေအက်ဖ်ပီအဖွဲ့က သူမကို ပါကစ္စတန်က ပန်ဂျပ်ပြည်နယ် ရှိတ်ပူရာမြို့မှာတွေ့တဲ့အခါ သူမကလည်း အလားတူပဲရွှင်မြူးတက်ကြွနေတာတွေ့ရပါတယ်။

“ ကျွန်မအစ်ကိုတွေအကြောင်း ကြားလိုက်ရတော့ ဘုရားသခင်ရဲ့ အလိုဆန္ဒပဲလို့ ကျွန်မထင်မိလိုက်ပါတယ်။ သူ့ဆန္ဒကို လိုက်နာရမယ်။ ဘုရားသခင်က ကောင်းချီးပေးတယ်။ ကျွန်မအစ်ကိုတွေနှင့်တွေ့ရတယ်” လို့ သူမကပြောပါတယ်။

ခွဲခွာနေကြရတာတွေ အတူတကွပြန်ဆုံတာ ပျော်ရွှင်မှုတွေဖြစ်စတေယ်။ ကျွန်မတို့ ကွဲကွာနေရမှုအဆုံးသတ်သွားပြီ။ ကျွန်မသိပ်ပြီးအားရကျေနပ်တယ်” လို့ သူမကပြောလိုက်ပါတယ်။

Source AFP

#75_years_after_Partition

#India_Pakistan

#British_Colonial_rule