#World_News
Published 5 August 2022

 

အမေရိကန်ပြည်ထောင်စုက မျောက်ကျောက်ရောဂါကို အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ကြေညာလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးချုပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

ဒီအခြေအနေကြောင့် ရောဂါတိုက်ဖျက်ရန် ရန်ပုံငွေများနဲ့ ပစ္စည်းကိရိယာများ အသုံးပြုရတော့မယ့်အနေအထား မြင်တွေ့လာရပါတယ်။

 

အမေရိကန်မှာ ဗုဒ္ဓဟူးနေ့အထိ မျောက်ကျောက်ရောဂါကူးစက်သူ ၆,၆၀၀ အထိရှိလာပြီး ကူးစက်သူအားလုံးနီးပါးက ယောက်ျားချင်း လိင်တူဆက်ဆံသူများဖြစ်ပါတယ်။

 

"ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နောက်ထပ်အဆင့်မြင့် တုံ့ပြန်မှုများပြုလုပ်သွားဖို့ ပြင်ဆင်ထားပြီး အမေရိကန်ပြည်သူအားလုံး ဒီရောဂါကို အထူးဂရုစိုက်ဖို့ တိုက်တွန်းလိုပါတယ်" လို့ ကျန်းမာရေးနှင့်လူ့အဖွဲ့အစည်းဝန်ဆောင်မှုဝန်ကြီးချုပ် 'ဇာဗီယာဘက်ဆဲရာ'က ပြောကြားခဲ့ပါတယ်။

 

ယခုလိုကြေညာလိုက်ခြင်းဖြင့် မျောက်ကျောက်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်တဲ့အချက်အလက်တွေကို ပိုမိုအသုံးချပြင်ဆင်သွားမှာဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ညွှန်ကြားရေးမှူး'ရိုရှဲလ်ဝယ်လန်စကီ'ကလည်း ပြောကြားလိုက်ပါတယ်။

 

အမေရိကန်အစိုးရအဖွဲ့အနေနဲ့ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ရာမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

အာဖရိကကနေ စတင်ပျံ့ပွားလာတဲ့ မျောက်ကျောက်ရောဂါဟာ ဥရောပကိုရောက်ရှိပြီးနောက် အမေရိကန်အထိရောက်ရှိလာခဲ့ကာ အခုဆိုရင် အမေရိကန်မှာ ကူးစက်မှုအများဆုံးဖြစ်နေပါပြီ။

 

ကာကွယ်ဆေးနဲ့ ကုသဆေးတွေရှားပါးလာပြီး လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို ထိန်းချုပ်တဲ့အထဲမှာ ဒီရောဂါအတွက် ထောက်ပံ့မှုအနည်းငယ်သာ ရရှိထားပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း မျောက်ကျောက်ရောဂါကို နိုင်ငံတကာအဆင့် အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် အထူးသတိရှိဖို့ ကြေညာထားပါတယ်။

 

နိုင်ငံတကာမှ ပူးပေါင်းတုံ့ပြန်ဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေးကုသဆေးများအတွက် ရန်ပုံငွေသုံးစွဲခွင့်ရဖို့ကိုလည်း WHO က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

 

အစိုးရအဖွဲ့များက ကျောက်ရောဂါအတွက် အရင်ဆုံးအသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး ကုသဆေးများတွေဟာ မျောက်ကျောက်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

အမေရိကန်အစိုးရက Bavarian Nordic ရဲ့ Jynneos ကာကွယ်ဆေးပေါင်း ၆ သိန်းကို ဖြန့်ဝေထားပြီး Siga Technologies ရဲ့ TPOXX ဆေး ၁၄,၀၀၀ ကိုလည်း ဖြန့်ဝေထားကာ ဘယ်နှယောက်ထိုးနှံထားပြီးလဲဆိုတာကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။

 

အစိုးရကတော့ ရောဂါကူးစက်နိုင်ချေများတဲ့သူ ၁.၆ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားကြောင်း 'ဝယ်လန်စကီ'က ဆိုပါတယ်။

 

မျောက်ကျောက်ရောဂါ ကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်ရန် အစီအစဉ်အစိတ်အပိုင်းတစ်ခုအနေနဲ့ လိင်တူအသိုင်းအဝိုင်းမှ ခေါင်းဆောင်များနဲ့ ဆွေးနွေးဖို့ကလည်း အရေးကြီးကြောင်း၊ သူတို့ရဲ့လူနေမှုပုံစံကိုလည်း မရှုတ်ချမိစေရန် သတိထားဖို့လိုအပ်ကြောင်း အမေရိကန်အစိုးရအဖွဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ်'အန်သိုနီဖော်ချီ'က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group