#World_Health
Published 1 August 2022

 

မယ်လာတိုနင်(Melotonin)ဟော်မုန်းရေရှည်သုံးစွဲခြင်းက ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်ပေါ်နိုင်ပြီး အသိဉာဏ်စွမ်းရည်ကျဆင်းကာ ရေရှည်မှာ စိတ်ကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။

 

အခုဆိုရင် အမေရိကန်ရှိ အရွယ်ရောက်ပြီးသူ ၂ ရာခိုင်နှုန်းလောက်က မယ်လာတိုနင်ကို ပုံမှန်သုံးစွဲနေကြပြီး ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း ၅ ဆများလာတာဖြစ်ပါတယ်။

 

JAMA ဂျာနယ်မှာဖော်ပြထားရာမှာ အမေရိကန်မှလူတွေဟာ မယ်လာတိုနင်ကို ဆေးပြင်းအားများများနဲ့ ရေရှည်အသုံးပြုနေကြပြီး မောပန်းခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း အိပ်စက်ခြင်းနဲ့ စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ဖော်ပြထားပါတယ်။

 

အခြားနိုင်ငံတွေနဲ့မတူတာက အမေရိကန်မှာ အမေရိကန်မှာ မယ်လာတိုနင်ကို FDA က ထိန်းချုပ်ထားတာမဟုတ်သလို အွန်လိုင်းကနေရော ဆေးဆိုင်တွေမှာပါ ဆေးစာမပါဘဲဝယ်ယူရရှိနိုင်ပါတယ်။

 

အိပ်စက်ရာမှာ အကူအညီဖြစ်စေပြီး ဘေးကင်းစိတ်ချရတဲ့ဆေးအဖြစ် ရောင်းချနေကြကာ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၃၃၉ သန်းဖိုးရောင်းချခဲ့ရပြီး ၂၀၂၀ မှာတော့ ၈၂၁ သန်းအထိ ရောင်းချလာရပါတယ်။

 

အလွန်အကျွံသုံးစွဲတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးများ အနည်းငယ်သာတွေ့ရှိကြောင်းယူဆနေကြပါတယ်။

 

"ဆေးဆိုင်မှာအလွယ်တကူဝယ်ယူနိုင်တယ်ဆိုတာက ဘေးဥပါဒ်မဖြစ်ဘူး၊ ဇီဝကမ္မဖြစ်စဉ်ကြီးကြီးမားမားမဖြစ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး" လို့ မင်နီဆိုတာ မိုင်ယိုဆေးပညာကောလိပ်မှ ဒေါက်တာ'နေမာကိုဗက်ဆင်'က ပြောပြပါတယ်။

 

မယ်လာတိုနင်ဆေးတွေရဲ့ ရေရှည်ဘေးထွက်ဆိုးကျိုးတွေကို သိပ်ပြီးမသိကြတာကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဈေးကွက်မတွင်ကျယ်ကြပါဘူး။

 

ထိုအတွက်လည်း သိပ္ပံပညာရှင်များက သိရှိအောင်ကြိုးစားနေကြပါတယ်။

 

အမျိုးသားကျန်းမာရေးအဖွဲ့အစည်းကတော့ ထိုဆေးတွေဟာ မှတ်ဉာဏ်ချို့တဲ့ခြင်းနဲ့ အသက်တိုခြင်းတို့ဖြစ်နိုင်တယ်လို့ သုံးသပ်နေပါတယ်။

 

အိပ်ပျော်စေရန်အသုံးပြုရင်း အလွန်အကျွံဖြစ်သွားတဲ့အခါ နောက်ပိုင်းကျရင် အသိဉာဏ်စွမ်းရည်ကျဆင်းခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပေါ်လာနိုင်တယ်လို့ အချက်အလက်များတွေ့ရှိထားပါတယ်။
FDA ခွင့်ပြုချက်ဖြင့် ရောင်းချခြင်းမဟုတ်တာကြောင့် သတ်မှတ်ထားတဲ့ပမာဏထက် ပိုမိုများပြားစွာသုံးစွဲသူတွေရှိနေနိုင်ပါတယ်။

 

လူကြီးမှာပဲဖြစ်ဖြစ် ကလေးမှာပဲဖြစ်ဖြစ် အိပ်မပျော်ခြင်းအတွက် ရေရှည်ဆေးဝါးသုံးစွဲတာမျိုးကို အကြံမပြုကြောင်း လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပရော်ဖက်ဆာဒေါက်တာ'ဂျန်နီဖာမာတင်'က ပြောကြားခဲ့ပါတယ်။

 

ကလေးတွေလက်လှမ်းမီတဲ့နေရာတွေမှာ မယ်လာတိုနင်ဆေးတွေကို မထားသင့်ပါဘူး။
ဒါပေမဲ့ လုံးဝအသုံးမဝင်တာမျိုးမဟုတ်ဘဲ ခရီးကပင်ပန်းလာတဲ့အချိန်မျိုးမှာ အိပ်စက်ချိန်ပြောင်းလဲဖို့လိုလာရင်တော့ အသုံးဝင်နိုင်ပါတယ်။

 

ဒါ့အပြင် အိပ်မပျော်လို့မဖြစ်တဲ့ညမျိုးတွေမှာလည်း ရံဖန်ရံခါအသုံးပြုနိုင်ပါတယ်။

 

Source: DailyMail.
#Yangon_Media_Group