Published:28 July 2022

ရီပတ်ဘလီကင်နှင့်ဒီမိုကရက်ပါတီ အရာရှိဟောင်းတွေက အမေရိကန်နိုင်ငံရဲ့ နိုင်ငံအဆင့် တတိယမြောက် နိုင်ငံရေးပါတီ တစ်ခုကို ဗုဒ္ဓဟူးနေ့က တည်ထောင်လိုက်ကြကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်နိင်ငံမှာ လုပ်ဆောင်မှု  ချိုယွင်းနေတဲ့ နှစ်ပါတီစနစ်လို့ သူတို့ကမြင်ထားကြတဲ့ လက်ရှိနိုင်ငံရေးစနစ်အပေါ် တုန်လှုပ် ချောက်ခြားနေကြတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်စေဖို့ဖြစ်ပါတယ်လို့ဆိုပါတယ်။

ပါတီအသစ်ကို  Forward ဖော်ဝတ်ဒ်(ရှေ့သို့)လို့ အမည်ပေးလိုက်ပြီး  ဒီမိုကရက်ပါတီသမ္မတလောင်းဟောင်း အင်ဒရူးယန်းနှင့် ရီပတ်ဘလီကင်ပါတီ နယူးဂျာစီအုပ်ချုပ်ရေးမှူးဟောင်း ခရစ်စတင်း တော့ဒ်ဝှိုက်မင်းတို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ပါတီအသစ်ဟာ အမေရိကန်နိုင်ငံရေးမှာ မင်းမူကြီးစိုးနေကြတဲ့ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်တစ်ပါတီတွေအစား အခြား ကျေနပ်စရာရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားတယ်လို့ တည်ထောင်သူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပါတီခေါင်းဆောင်တွေဟာ ဒီနှစ်ဆောင်းဦးရာသီမှာ မြို့ပေါင်း နှစ်ဒါဇင်ကို သွားရောက်ပြီး ပါတီဖွင့်လှစ်တဲ့ အခမ်းအနားတွေ ဆက်တိုက်ပြုလုပ်သွားပြီး ထောက်ခံသူတွေကို ဆွဲဆောင်သွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ရက်နေ့မှာ သူတို့ဟာ ဟောက်စတန်မှာ ပါတီကို တရားဝင်တည်ထောင်ခြင်းအခမ်းအနားပြုလုပ်သွားမှာဖြစ်ပြီး  လာမယ့်နွေရာသီမှာတော့ အမေရိကန်ရဲ့ မြို့ကြီးတစ်မြို့မှာ ပါတီရဲ့ အမျိုးသား ကွန်ဗင်းရှင်းကြီးကို ကျင်းပသွားပါလိမ့်မယ်။

အမေရိကန်နိုင်ငံရေးစနစ်မှာ နှစ်ခြမ်းကွဲပြီး ဝိရောဓိဖြစ်မှုတွေ တိုးပွားလာနေတဲ့အပေါ် တုန့်ပြန်မှုတွေ ပြီးခဲ့တဲ့ နှစ်တွေမှာ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးအုပ်စု(၃)စုနှင့် ပါတီအသစ်ကို ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Gallup စစ်တမ်းအရ အမေရိကန်နိုင်ငံမှာ တတိယနိုင်ငံရေးပါတီတစ်ခု လိုအပ်တယ်လို့ အမေရိကန်ပြည်သူတွေရဲ့ သုံးပုံနှစ်ပုံက ယုံကြည်နေတယ်လို့ ပြဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ ရော်နယ်ရီဂင်၊ဂျော့အိတ်ချ်ဒဗလျူဘုရှ်၊ ဂျော့ ဒဗလျူဘုရှ်နှင့်ဒေါ်နယ်ထရမ့်တို့ အစိုးရ လက်ထက်က အရာရှိဟောင်းတွေစုစည်းထားပြီး ၂၀၂၁ မှာ ဖွဲ့စည်းခဲ့တဲ့ Renew America Movement အမေရိကန်ပြန်လည် ဆန်းသစ်ခြင်းလှုပ်ရှားမှု ၊ ၂၀၂၁ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီကထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလကဖြစ်ခဲ့တဲ့ အင်ဒရူး ယန်းတည်ထောင်တဲ့ ဖော်ဝတ်ဒ်ပါတီနှင့် ဒီမိုကရက်၊ရီပတ်ဘလီကင်နှင့် တသီးပုဂ္ဂလတွေပူးပေါင်းထားပြီး ရီပတ်ဘလီကင်ကွန်ဂရက်အမတ်ဟောင်း ဒေးဗစ်ဂျိုလီအမှုဆောင်ဒါရိုက်တာလုပ်တဲ့ Serve America Movement တို့က ယခုပါတီသစ်ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ဆက်နွယ်ပတ်သက်နေပါတယ်။

ပါတီအသစ်ကို  ထောက်တိုင်နှစ်ခုနှင့်ဖွဲ့စည်းထားပြီး အဲဒီနှစ်ခုက မျှတပြီးကြီးပွားတိုးတက်တဲ့စီးပွားရေးတစ်ရပ်ကို ပြန်လည် သန်စွမ်းစေရန်နှင့် အမေရိကန်ပြည်သူတွေကို ရွေးကောက်ပွဲမှာ ရွေးချယ်မှုပိုမိုပေးပြီး အလုပ်ဖြစ်သော အစိုးရတစ်ရပ်တွင် ပိုမိုယုံကြည်မှုရှိကာ အနာဂတ်တွင်ပိုမိုပြောဆိုနိုင်ရန် တို့ဖြစ်ပါတယ်။

မျှတတဲ့ နိုင်ငံရေးအမြင် centrist ရှိတဲ့ပါတီအဖြစ် တည်ထောင်လိုက်တဲ့ ယခုပါတီအသစ်မှာ တိကျတဲ့မူဝါဒတွေကိုတော့ မထုတ်ပြန်သေးပါဘူး။ “ အမေရိကန်ရင်ဆိုင်နေရတဲ့ ပြဿနာကြီးတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်ဘက်မဟုတ်၊ညာဘက်မဟုတ်၊ ရှေ့သို့နှင့် သာဖြစ်တယ်” လို့ သူတို့ကပြောကြပါတယ်။

သမိုင်းအရ နှစ်ပါတီစနစ် အမေရိကန်ပြည်ထောင်စုမှာ တတိယပါတီတစ်ခုဟာ ရှင်သန်လေ့မရှိကြပါဘူး။ သူတို့ဟာ သမ္မတ ရွေးကောက်ပွဲကိုတော့ ထိခိုက်မှုဖြစ်စတေတ်ပါတယ်။၂၀၀၀ပြည့်နှစ်ရွေးကောက်ပွဲမှာ  ရပ်ဗ်နေဒါရဲ့ ဂရင်းပါတီက ဒီမိုကရက်တစ်သမ္မတလောင်း အယ်ဂိုးရဲ့ မဲတွေကို ခွဲထုတ်ယူပြီး  ရီပတ်ဘလီကင် သမ္မတလောင်း ဂျော့ဒဗလျူဘုရှ် အနိုင်ရသွားစေခဲ့တာမျိုးရှိခဲ့တယ်လို့ သုံးသပ်သူတွေကပြောပါတယ်။

ပါတီအသစ်ဖြစ်တဲ့ ဖော်ဝတ်ဒ်ပါတီဟာ ဘက်တွေကွဲပြားနေကြတဲ့ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲဆိုတာ သိပ်ရှင်းရှင်းလင်းလင်းမသိနိုင်သေးပေမယ့် အောင်မြင်မှုရဖို့အတွက်တော့ နိုင်ငံရေးသုံးသပ်သူတွေက သံသယရှိနေကြပါတယ်။

အင်တာဗျူတစ်ခုမှာ ပါတီဟာ ဘတ်ဂျက် ဒေါ်လာာ ငါးသန်းနှင့် စတင်မယ်လို့ ယန်းက ပြောထားပါတယ်။  အလှုရှင်တွေ တန်းစီနေပြီး အုပ်စုသုံးစုရဲ့ အောက်ခြေအဖွဲ့ဝင်တွေပေါင်းရင် ထောင်သောင်းမက ရှိနေတယ်လို့လည်း သူကပြောပါတယ်။

“ ကျွန်တော်တို့ ငွေကြေးဘဏ္ဍာတောင့်တင်းစွာနှင့်စတင်မှာပါ။ ငွေကြေးအထောက်အပံ့က ပြဿနာမရှိဘူး” လို့ ယန်းက ပြောပါတယ်။

“ စိတ်ကူးကတော့ မဲဆန္ဒရှင်တွေကို သန်စွမ်းပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံအဆင့် တတိယမြောက်ပါတီတစ်ခု ပေးအပ်ဖို့ပဲ ဖြစ်တယ်” လို့ ဖော်ဝတ်ဒ်ဖန်တီးရာမှာပါဝင်ခဲ့တဲ့ ထရမ့်အစိုးရလက်ထက်က အမိမြေလုံခြုံရေးအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ မိုင်းလ်စ်တေလာ ကပြောပါတယ်။

တတိယပါတီတွေဟာ အတိတ်တုန်းက ကျရှုံးခဲ့တာတွေရှိခဲ့ပေမယ့် အခြေခံတွေက ပြောင်းလဲသွားပြီလို့ တေလာကပြောပါတယ်။ အတိတ်တုန်းက တတိယပါတီလှုပ်ရှားမှုတွေဟာ ပြည်သူတွေ အပြောင်းအလဲမတောင်းဆိုတဲ့ စနစ်တစ်ခုအတွင်းပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ အမေရိကန်တွေက တတိယပါတီလိုချင်တယ်လို့ ပြောနေကြတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ပါတီစွဲမရှိတဲ့ ဝါရင့် နိုင်ငံရေးသုံးသပ်သူ စတု ရိုသန်ဘတ်ကတော့ တတိယပါတီတည်ထောင်တယ်ဆိုတာာ အပြောလွယ်သလောက် လက်တွေ့ခက်တယ်လို့ ဝေဖန်ပါတယ်။

ပါတီကြီးနှစ်ခုမှာ ကြီးမားတဲ့ အားသာချက်တွေရှိနေကြတယ်။ ဆယ်စုနှစ်များစွာမှာ ပြည်နယ်၅၀မှာပါတီတွေ တည်ဆောက်နိုင်ခဲ့တာတွေအပါအဝင်ပေါ့ လို့ သူကပြောပါတယ်။

၁၉၈၀တုန်းက ဂျွန်အင်ဒါဆန်၊ ၁၉၉၂ နှင့် ၁၉၉၆ တုန်းက ရောပစ်ပါရော့တို့လို တတိယပါတီရဲ့ သမ္မတလောင်းတွေဟာ မှေးမှိန်သွားရတာပဲ၊ အမျိုးသားနိုင်ငံရေးမှာ အဆင့်ပြကိန်းတစ်ခုဖြစ်လာမယ့် တတိယပါတီတွေတည်ထောင်တာ ကျရှုံး ခဲ့ကြတယ် လို့ သူကပြောပါတယ်။

Source_Reuters

#Third_Political_party-in_America

#Forward_party

#Andrew_Yang