#World_Technology
Published 27 July 2022

 

ညအိပ်ပျော်ဖို့အရေး အိပ်ရာထဲလူးလိမ့်နေရတာလောက် စိတ်ညစ်စရာ ကောင်းတာမရှိပါဘူး။

 

တစ်ခုခုကိုရေတွက်တဲ့နည်းလမ်းနဲ့လည်း အလုပ်မဖြစ်ဘူးဆိုရင် ယခုလေ့လာချက်အသစ်က ကူညီပေးနိုင်မှာပါ။

 

ဩစတင် တက္ကဆပ်တက္ကသိုလ်မှ သုတေသီများက အပူပေးအအေးပေးစနစ်ဖြင့် လျင်မြန်စွာအိပ်မောကျစေမယ့် ခေါင်းအုံးနဲ့မွေ့ရာတစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။

 

စမ်းသပ်မှုပြုလုပ်ရာမှာ ထိုစနစ်ဖြင့်စမ်းသပ်ခံသူတွေက ပုံမှန်ထက် ၅၈ ရာခိုင်နှုန်းလောက် စောပြီးအိပ်ပျော်သွားခဲ့ကြောင်း သုတေသီများဖော်ပြခဲ့ပါတယ်။

 

ဒီပစ္စည်းက ဘယ်အချိန်မှာထွက်ရှိမလဲ ဘယ်လောက်ကုန်ကျမလဲဆိုတာကို သေချာမသိရသေးပေမယ့် ထိုနည်းပညာအတွက် သုတေသီများက မူပိုင်ခွင့်ရယူထားပါပြီ။

 

လူတွေရဲ့အိပ်ချင်လာတဲ့ခံစားချက်ကို ခန္ဓာကိုယ်အပူချိန်နဲ့ထိန်းသိမ်းထားတာဖြစ်ပါတယ်။

 

နေ့ညလည်ပတ်မှုစနစ်အရ ခန္ဓာကိုယ်အပူချိန်ဟာ ညဘက်မှာ အလိုလိုကျဆင်းလာပြီး အိပ်ချိန်ရောက်ပြီဆိုတဲ့ သဘောဖြစ်ပါတယ်။

 

လူတွေအိပ်ပျော်နိုင်အောင် အပူချိန်ထိန်းညှိနိုင်မလားဆိုတာကို သိရဖို့အတွက် သုတေသီများကလေ့လာခဲ့ကြပါတယ်။

 

၂၀၁၉ ခုနှစ်ကလေ့လာချက်တစ်ခုမှာ အိပ်ရာမဝင်ခင် တစ်နာရီ နှစ်နာရီလောက်အလိုမှာ ရေနွေးနွေးဖြင့် ရေချိုးခြင်းဖြင့် ပိုမိုလျင်မြန်စွာနဲ့နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

အဲဒီနောက် ထိုကဲ့သို့အခြေအနေမျိုးရရှိစေတဲ့ အပူချိန်ထိန်းညှိနိုင်တဲ့ မွေ့ရာနဲ့ခေါင်းအုံးတို့ကိုတီထွင်ဖို သုတေသီများဆုံးဖြတ်ခဲ့ပါတယ်။

 

တီထွင်ထားတဲ့မွေ့ရာ ၂ မျိုးက ရေကိုအသုံးပြုတဲ့စနစ်နဲ့ လေကိုအသုံးပြုတဲ့ စနစ်တို့ ဖြစ်ပါတယ်။

 

ထိုစနစ် ၂ မျိုးစလုံးက အပူပေးခြင်းနဲ့ အအေးပေးခြင်းတို့ကို သပ်သပ်စီလုပ်ဆောင်ပေးပါတယ်။

 

ခန္ဓာကိုယ်တွင်းပိုင်းကို အပူချိန် ၂၅ ဒီဂရီဆဲလ်စီးယပ်စ်ဖြစ်စေပြီး လည်ပင်း၊ ခြေဖျားလက်ဖျားတို့ကိုတော့ ၃၃ ဒီဂရီဆဲလ်စီးယပ်စ်ပေးပါတယ်။

 

ထိုနည်းလမ်းဖြင့် ခန္ဓာကိုယ်တွင်းအပူကိုလျှော့ချပေးကာ လျင်မြန်စွာအိပ်ပျော်စေပါတယ်။

 

စမ်းသပ်ခံလူတွေထဲက ၆ ယောက်ကို လေပေးစနစ်မွေ့ရာနဲ့အိပ်ခိုင်းပြီး ၅ ယောက်ကတော့ ရေအသုံးအပြုစနစ်နဲ့ စမ်းသပ်ကာ ကျန်တဲ့လူတွေကိုတော့ သာမန်မွေ့ရာနဲ့ အိပ်စေခဲ့ပါတယ်။

 

ရေအသုံးပြုစနစ်နဲ့ လေအသုံးပြုစနစ်မွေ့ရာတွေနဲ့ အိပ်သူတွေက သိသာတဲ့ကွာခြားချက်မရှိဘဲ သာမန်မွေ့ရာနဲ့ အိပ်သူတွေထက် ၅၈ ရာခိုင်နှုန်း ပိုမိုစောစီးစွာ အိပ်ပျော်ခဲ့ကြပါတယ်။

 

ခန္ဓာကိုယ်တွင်းက သွေးစီးဆင်းမှုတွေက ခြေလက်တွေကိုရောက်ရှိစေပြီး ကိုယ်တွင်းအပူချိန်ကိုတော့ ကျဆင်းစေပါတယ်။

 

ဒါ့အပြင် နှလုံးသွေးကြောစနစ်ကိုလည်း ဖိစီးမှုလျော့ကျစေကာ ညအချိန်မှာ သွေးပေါင်ချိန်အနည်းငယ်ကျဆင်းစေပါတယ်။

 

သုတေသီအဖွဲ့က ဒီနည်းပညာအတွက် မူပိုင်ခွင့်ရယူထားပြီး ပူးပေါင်းထုတ်လုပ်ဖြန့်ချိဖို့ မွေ့ရာကုမ္ပဏီများ ရှာဖွေနေပါတယ်။

 

Source: DailyMail
#Yangon_Media_Group