#World_Military
Published 25 July 2022

 

ယူကရိန်းမှ ဆန်စပါးတင်ပို့ရေး သဘောတူညီချက်အရ အဓိကကျတဲ့ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားတို့ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမေရိကန်မှ ထောက်ပံ့ကူညီပေးတဲ့ လက်နက်ပစ္စည်းကို ထိမှန်ခဲ့ကြောင်း ရုရှားတို့က ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထိုအချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်လော့ဗ်'က အာဖရိကနိုင်ငံများသို့ အလည်အပတ်ခရီးသွားလာလျက်ရှိပြီး အီဂျစ်ကိုရောက်ရှိနေစဉ်မှာ ရုရှားဆန်စပါးကို ဆက်လက်ထောက်ပံ့သွားဖို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး'ဆာမက်ရှောကရီ'နဲ့တွေ့ဆုံကာ အာမခံခဲ့ပါတယ်။

 

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ရုရှားတို့အနေနဲ့ အိုဒီဆာဆိပ်ကမ်းကို တိုက်ခိုက်တာဟာ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချလိုက်ပါတယ်။

 

စစ်ဖြစ်နေတဲ့ ၂ နိုင်ငံစလုံးက စက်ရုံများမှ ပို့ကုန်များကိုတင်ပို့ဖို့ သဘောတူညီမှုရယူပြီး နောက်တစ်ရက်မှာပဲ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ထိုသဘောတူညီချက်ကို တူရကီမှ ကြားဝင်ကူညီပေးခဲ့ပြီး ယခုဒုံးကျည်ထိမှန်ခဲ့ခြင်းက ရုရှားတပ်ဖွဲ့များမှာ တာဝန်မရှိကြောင်း ရုရှားရဲ့အာမခံချက်ကိုရရှိထားတယ်လို့ တူရကီက ဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ ရုရှားရဲ့ပစ်ခတ်မှုက ယူကရိန်းစစ်သင်္ဘောတစ်စင်းနဲ့ အမေရိကန်မှပေးပိုထားတဲ့ သင်္ဘောဖျက်လက်နက်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကျပ်တည်းခြင်းကို ဖြေလျှော့နိုင်ဖို့ လအတန်ကြာညှိနှိုင်းခဲ့ရပြီး တူရကီနိုင်ငံအစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်မှတ်ကျောက်ကတော့ ယခုလိုက်ပစ်ခတ်မှုတွေကြောင့် ပျက်သုဉ်းဖို့ နီးစပ်လာပါတယ်။

 

စားနပ်ရိက္ခာ အလွန်ကျပ်တည်းလားတဲ့ ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်မှာ ကုန်ဈေးနှုန်းများ မြင့်တက်နေရပါတယ်။

 

'လက်ဗ်ရော့ဗ်'က ယူဂန်ဒါ၊ အီသီယိုးပီးယား၊ ကွန်ဂိုဘရက်ဇာဗီးလ်တို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး ဆန်စပါးမှာယူမှုများကို ရုရှားကဖြည့်ဆည်းပေးမယ်လို့ ပြောပြခဲ့ပါတယ်။

 

အိုဒီဆာဆိပ်ကမ်းကို တိုက်ခိုက်ခြင်းက ရုရှားတို့ကိုယုံကြည်လို့မရကြောင်းထင်ရှားနေပြီး ရုရှားနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကလည်း ပိုမိုခက်ခဲလာဦးမယ်လို့ 'ဇယ်လန်စကီ'က မှတ်ချက်ပြုလိုက်ပါတယ်။

 

တူရကီသမ္မတ 'ရီဆပ်တာယစ်အာဒိုဂန်'နဲ့ ကုလသမဂ္ဂအကြီးအကဲ'အန်တိုနီယိုဂူတာရက်စ်'တို့ ကြားဝင်ကူညီပေးထားတဲ့ သဘောတူညီမှုအရ အိုဒီဆာဆိပ်ကမ်းဟာ ကုန်တင်ပို့ရေးအချက်အခြာနေရာ ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။

 

ရုရှားတို့တိုက်ခိုက်ချိန်မှာ ဆန်စပါးတွေ သိုလှောင်ထားတာဖြစ်ပြီး စားစရာတွေကိုတော့ မထိခိုက်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များကဆိုပါတယ်။

 

သောကြာနေ့က လက်မှတ်ရေးထိုးပွဲမှာ ဦးဆောင်ခဲ့တဲ့'ဂူတာရက်စ်'က ထိုတိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချလိုက်ပါတယ်။

 

ရုရှားရဲ့သဘောတူညီမှု ကတိကဝတ်တွေကိုလည်း ယုံကြည်ဖို့သံသယရှိလာကြောင်း အမေရိကန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

တနင်္ဂနွေနေ့ မတိုင်ခင်အထိ ရုရှားဘက်က တုံ့ပြန်ပြောကြားခြင်းမရှိဘဲ တူရကီကာကွယ်ရေးဝန်ကြီးကတော့ ရုရှားတို့က သူတို့တိုက်ခိုက်တယ်ဆိုတာကို ငြင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။

 

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကို ယူကရိန်းဘက်ကအတိအကျ မထုတ်ပြန်ထားပါဘူး။

 

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့စစ်ဘေးဒဏ်ကြောင့် လူပေါင်း ၄၇ သန်းလောက် အငတ်ဘေးဆိုက်ရောက်နေမှုကို ဖြေလျှော့နိုင်ရန် ထိုနိုင်ငံများအကြား အဓိကကျတဲ့ ပထမဆုံးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

 

ထိုသဘောတူညီချက်ထဲမှာ ယူကရိန်းဆန်စပါးတွေသယ်ဆောင်လာတဲ့သင်္ဘောများ ဘေးကင်းစိတ်ချစွာသွားလာနိုင်ရေးအချက်တွေ ပါဝင်နေပါတယ်။

 

Source: CNA
#Yangon_Media_Group