#World_Health
Published 22 July 2022

 

သွေးဖြူဥတွေထဲက ဝိုင်-ခရိုမိုဆုန်းလျော့နည်းလာခြင်းဟာ အသက်ကြီး အမျိုးသားတွေမှာ သိသာထင်ရှားတဲ့မျိုးဗီဇအပြောင်းအလဲတစ်မျိုးဖြစ်ပြီး နှလုံးသွေးကြောရောဂါများနဲ့ အတွင်းအင်္ဂါပျက်စီးခြင်းဖြစ်ပေါ်နိုင်တဲ့အပြင် ဒါဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် ယေဘုယျအားဖြင့် အသက်တိုရတဲ့အကြောင်းအရင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။

 

ဝိုင်-ခရိုမိုဆုန်းဆိုတာက အမျိုးသားတွေမှာပါရှိပြီး မျိုးဗီဇဆိုင်ရာအချက်အလက်တွေကို သယ်ဆောင်ထားပါတယ်။

 

ဝိုင်-ခရိုမိုဆုန်းလျော့နည်းခြင်းက ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတို့လို သက်ကြီးရောဂါတွေဖြစ်နိုင်ချေများတယ်လို့ အစကထင်မှတ်ခဲ့ကြပေမယ့် ယခုအခါ Science ဂျာနယ်ရဲ့ဖော်ပြချက်အရ ဝိုင်-ခရိုမိုဆုန်းလျော့နည်းခြင်းခံစားရတဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသား ၂၀ ရာခိုင်နှုန်းနဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသား ၄၀ ရာခိုင်နှုန်းတို့ဟာ နှလုံးရောဂါနဲ့ အခြားအင်္ဂါပျက်စီးခြင်းများပါ ဖြစ်နိုင်ချေရှိကြောင်း တွေ့ရှိထားပါတယ်။

 

သုတေသီများက CRISPR ကိရိယာဖြင့် ကြွက်တွေရဲ့သွေးဖြူဥထဲမှာ ဝိုင်-ခရိုမိုဆုန်းလျော့နည်းခြင်း(mLOY)ကိုဖြစ်အောင် ပြုလုပ်ခဲ့ကြရာ mLOY က ကြွက်တွေရဲ့အတွင်းအင်္ဂါများကို တိုက်ရိုက်ထိခိုက်စေပြီး mLOY မဖြစ်တဲ့ကြွက်တွေထက် အသက်တိုခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

"လူသားတွေရဲ့ပုံစံအတိုင်း ကြွက်တွေမှာ mLOY က ဝိုင်-ခရိုမိုဆုန်းကိုချေဖျက်ပြီး နောက်ဆက်တွဲသက်ရောက်မှုတွေ ဖြစ်စေပါတယ်၊ mLOY ကြောင့် နှလုံးတစ်ရှူးများ ပျက်စီးစေပါတယ်၊ အဲဒီနောက်နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ကျဆင်းလာစေပါတယ်" လို့ ဆွီဒင်နိုင်ငံအက်ပ်ဆာလာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ'လားစ်ဖောစ်ဘာ့ဂ်'က ပြောပြခဲ့ပါတယ်။

 

အဲဒီနောက် အသက် ၄၀ မှ ၇၀ နှစ်ကြားလူသန်းတဝက်ခန့်ကို လေ့လာခဲ့ရာမှာ သွေးထဲမှာ mLOY ဖြစ်နေတဲ့ အမျိုးသားတွေက နှလုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါကြောင့် အသက်သေဆုံးနိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများတာကို တွေ့ခဲ့ကြပါတယ်။

ထိုတွေ့ရှိမှုက ကြွက်တွေမှာ လေ့လာခဲ့တာနဲ့ အတူတူပဲဖြစ်ပြီး mLOY က လူသားများရဲ့ ဇီဝကမ္မဖြစ်စဉ်များအပေါ် တိုက်ရိုက်သက်ရောက်နေပါတယ်လို 'ဖောစ်ဘာ့ဂ်'က ရှင်းပြခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group