Published 2 September 2021
မိုဒါနားကုမ္ပဏီနှင့် တာကေးဒါးဆေးဝါးကုမ္ပဏီတို့က အချို့သော မိုဒါးနားကိုဗစ်ကာကွယ်ဆေး ပုလင်းတွေအထဲ သံမဏိ အမှုန်အစတွေ တွေ့ရတယ်လို့ စုံးစမ်းရှာဖွေတွေ့ရှိရတာကြောင့် သူတို့ရဲ့မိုဒါနား ကာကွယ်ဆေး အသုတ်(၃)သုတ်ကို ပြန်လည် သိမ်းယူဖို့ ဂျပန်အာဏာပိုင်တွေနှင့် လုပ်ဆောင်နေပြီလို့ ရိုက်တာ သတင်းအရ သိရပါတယ်။
ကာကွယ်ဆေးပုလင်းတွေထဲ မသန့်မရှင်းတဲ့ အရာဝတ္တုတွေ တွေ့ရအပြီး ဂျပန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ အပတ်က ဆေးလုံးပေါင်း ၁.၆၃သန်း ကို အသုံးမပြုဖို့ ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။
ကုမ္ပဏီရဲ့စုံစမ်းစစ်ဆေးမှုကရရှိတဲ့ သတင်းအချက်တွေအပေါ် အခြေခံပြီး ကာကွယ်ဆေးရည်ထဲက သံမဏိအမှုန်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေမယ်လို့ သူတို့မယုံကြည်ဘူးလို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသံမှုန်တွေဟာ ဆေးထုတ်လုပ်နေတုန်း ဖြစ်ပေါ်ခဲ့ဖွယ်ရှိတယ်လို့ မိုဒါနားက ပြောပါတယ်။
ဆေးထုတ်လုပ်နေတုန်းမှာ ဆေးပုလင်တွေကို ရပ်ပေးတဲ့ စက်ပစ္စည်းအစိတ်အပိုင်းက သတ္တုအစနှစ်ခု ပွတ်တိုက်ရာကနေ အဲဒီအမှုန်တွေ ထွက်လာခဲ့တာဖြစ်နိုင်တယ်လို့ မိုဒါနားနှင့် ဆေးဖြန့်ချိတဲ့ တာကေးဒါးတို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအမှုန်တွေဟာ သံမဏိအမှုန်တွေဖြစ်တယ်လို့ သူတို့က အတည်ပြုပါတယ်။
မိုဒါနားက တာကေးဒါးနှင့်ပူးပေါင်းပြီး အဲဒီကာကွယ်ဆေးအသုတ်တွေကို ထုတ်ခဲ့တဲ့ စပိန်စက်ရုံ ရိုဗီကို စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
အသက်၃၀နှင့် ၃၈နှစ်အရွယ် အမျိုးသားနှစ်ဦး ဒုတိယမြောက် ကာကွယ်ဆေးထိုးအပြီး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာခဲ့ပြီးနောက် ဆေးပုလင်းတွေ မသန့်ရှင်းတဲ့ ကိစ္စကို လူတွေပိုသတိထားမိလာခဲ့ကြပါတယ်။အဲဒီနှစ်ယောက်စလုံးဟာ ရပ်ဆိုင်းထားတဲ့ ကာကွယ်ဆေးအသုတ်တွေထဲက ဆေးတွေ ထိုးခဲ့ကြတာပါ။
သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီသေဆုံးမှုဟာ ကာကွယ်ဆေးကြောင့်ဆိုတဲ့ အထောက်အထားမရှိဘဲ။ဒါဟာ တိုက်ဆိုင်မှုသာဖြစ်တယ် လို့ မိုဒါနားနှင့် တာကေးဒါးတို့ရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters