Published 13 July 2022

အမေရိကန်နိုင်ငံရဲ့ ကုလသမဂ္ဂသံအမတ်ကြီးဟောင်းနှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးလုပ်ခဲ့သူ ဂျွန်ဘော်လ်တွန်က နိုင်ငံခြားတိုင်းပြည်တွေမှာ အာဏာသိမ်းမှုတွေကြိုးစားတဲ့ အစီအစဉ်တွေမှာ သူပါဝင်ကူညီခဲ့ဖူးတယ်လို့ အင်္ဂါနေ့က ဝန်ခံ ပြောကြားလိုက်ပါတယ်။

အမေရိကန်ကက်ပီတယ်တိုက်ခိုက်မှု ၂၀၂၁ ဇန်နဝါရီ ၆ ရက်ကိစ္စ ကွန်ဂရက်ကြားနာမှုအပြီး နောက်တစ်ရက်မှာ ဘော်လ်တွန်က စီအင်န်အင်နရုပ်သံကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။၂၀၂၀ ရွေးကောက်ပွဲရှုံးပြီးနောက် အာဏာဆက်တည်မြဲအောင် အဲဒီအကြမ်းဖက်မှုကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လှုံ့ဆော်ခဲ့တယ်လို့အင်္ဂါနေ့က ခုံအဖွဲ့ဝင် ဥပဒေပြုအမတ်တွေက စွပ်စွဲခဲ့ပါတယ်။

စီအင်န်အင်န်ရဲ့ အစီအစဉ်တင်ဆက်သူ ဂျိတ်တက်ပါနှင့် ပြောဆိုရာမှာ အသေအချာစီစဉ်ထားတဲ့ အာဏာသိမ်းမှုတစ်ခုကို ဆွဲထုတ်ယူဖို့လောက်အထိ ထရမ့်မှာ အရည်အချင်းမရှိပါဘူးလို့ ဘော်လ်တွန်က ပြောခဲ့ပါတယ်။

“ အာဏာသိမ်းတာကို ကူညီသူတစ်ဦးဟာ ဒီမှာမဟုတ်ဘူး..ဒါပေမယ့် အခြားနေရာတွေမှာ ခင်ဗျားသိပါတယ်။ အလုပ်တွေ အတော်များတာ။ ထရမ်လုပ်သလိုမျိုးလုပ်ရတာမဟုတ်ဘူး” လို့သူကပြောပါတယ်။

အာဏာသိမ်းကြိုးစားမှုတွေဆိုတာ ဘာကိုရည်ညွှန်းတာလဲလို့ တက်ပါက ဘော်လ်တွန်ကိုမေးတဲ့အခါ သူက..

“ အသေးစိတ်တော့မပြောဘူးဗျာ” လို့ ဘော်တွန်က ဗင်နီဇွဲလားကို ညွှန်းဆိုမှုမပြုခင် ပြောပါတယ်။ အဲဒီနောက်

“ အဲဒါက အောင်မြင်မှုမရခဲ့ဘူး။ ကျွန်တော်တို့ အများကြီးလုပ်ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတိုက်အခံတွေကို ကြိုးစားခိုင်းတာ။ တရားမဝင်ရွေးကောက်ထားတဲ့သမ္မတတစ်ဦးကို လှန်ပစ်ဖို့ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး” လို့ သူကပြောပါတယ်။

၂၀၁၉ခုနှစ်မှာ ဗင်နီဇွဲလား ဆိုရှယ်လစ်သမ္မတ နီကိုးလတ်စ် မာဒူရိုကို ဖြုတ်ချပစ်ဖို့ အတိုက်အခံခေါင်းဆောင် ဂျုအန်ဂူအိုင်ဒိုက စစ်တပ်ရဲ့ ကျောထောက်နောက်ခံရအောင်ကြိုးစားခဲ့တာတွေ ကို ဘော်လ်တွန်ဟာ အမျိုးသားလုံခြုံရေးအကြံပေးတစ်ဦးအဖြစ်  လူသိရှင်ကြား ထောက်ခံအားပေးခဲ့တာပါ။ မာဒူရို ပြန်ရွေးချယ်ခံရတာဟာ တရားမဝင်ဘူးလို့ ဘော်လ်တွန်က ငြင်းခုန်ခဲ့တာပါ။ ဒါပေမယ့် မာဒူရိုဟာ အာဏာဆက်ပြီး ကောင်းကောင်းထိန်းထားဆဲ ဖြစ်ပါတယ်။

“ဗင်နီဇွဲလားအပြင် အခြားအရာတွေလည်း ရှိသေးတာကို ခင်ဗျားမပြောသေးဘူးလို့ ကျွန်တော်ခံစားနေရတယ်” လို့ စီအင်အင်န် အစီအစဉ်တင်ဆက်သူကမေးတဲ့အခါ သူက “ ရှိခဲ့တာ သေချာတာပေါ့ဗျာ” လို့ ပြန်ပြောခဲ့ပါတယ်။

အခြားနိုင်ငံတွေအပေါ် ဝင်ရောက်စွက်ဖက်ခဲ့တဲ့ ဝါရှင်တန်ရဲ့ သမိုင်းကြောင်းကို နိုင်ငံခြားရေးရာမူဝါဒကျွမ်းကျင်ပညာရှင် တော်တော်များများက နှစ်ပေါင်းများစွာ ဝေဖန်လာခဲ့ကြတာဖြစ်ပါတယ်။အဲဒီအထဲမှာ  အီရန်ရဲ့ အမျိုးသားရေးဝန်ကြီးချုပ် မိုဟာမက် မိုဆာဒက်ကို ဖြတ်ချခဲ့တဲ့ ၁၉၅၃ ဖြစ်ရပ်နှင့် ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနှင့် အီရတ်နှင့် အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့တာတွေပါဝင်ပါတယ်။

ဒါပေမယ့် နိုင်ငံခြားတိုင်းပြည်တွေ မငြိမ်မသက်ဖြစ်အောင် အမေရိကန်က ပါဝင်ဆောင်ရွက်ခဲ့တာတွေကို အမေရိကန် အရာရှိတွေက ထုတ်ဖော်ပြောကြားတာမျိုးဟာ   သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စဖြစ်ပါတယ်။

“ အမေရိကန်အစိုးရရဲ့ အဆင့်အမြင့်ဆုံးရာထူးတွေနှင့် ကုလသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဘော်လ်တွန်က အခြားနိုင်ငံတွေမှာ အာဏာသိမ်းအစီအစဉ်တွေကို သူကူညီခဲ့တယ်လို့ ခပ်ကြွားကြွားလေးပြောတာဖြစ်တယ်” လို့ ကင်ညာက ဘီဘီစီသတင်းထောက် ဒစ်ကင်းအိုလီဝီက တွစ်တာမှာရေးခဲ့ပါတယ်။

Source Reuters

#John_Bolton

#Washington_help_attempted_coup

#US_Politics