#WorldBusiness
Published 9 July 2022

 

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ တက်စ်လာရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ'အီလွန်မက်စ်'က တွစ်တာကိုဝယ်ယူမယ့် ဒေါ်လာ ၄၄ ဘီလီယံတန်သဘောတူညီချက်ကိုဖျက်သိမ်းကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

 

အကြောင်းအရင်းကတော့ တွစ်တာဟာ ကုမ္ပဏီချင်း ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေမှာ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

 

တွစ်တာဥက္ကဌ'ဘရက်တိုင်လာ'ကတော့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအတွက် တရားဥပဒေအရဆောင်ရွက်သွားဖို့ ဘုတ်အဖွဲ့က စီစဉ်နေကြောင်း ဖော်ပြသွားပါတယ်။

 

"တွစ်တာဘုတ်အဖွဲ့က မစ္စတာ'မက်စ်'နဲ့ သဘောတူညီထားတဲ့ ကိစ္စရပ်တွေကို ဖျက်သိမ်းလိုက်ပါတယ်" လို့ ရေးသားထားပါတယ်။

 

'မက်စ်'ရဲ့ရှေ့နေတွေ ပြောကြားချက်အရ တွစ်တာပေါ်က အကောင့်တုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် တွစ်တာဘက်က ပျက်ကွက်ခဲ့ကြောင်း၊ ဒါဟာကုမ္ပဏီစီးပွားရေးလုပ်ဆောင်ချက်ရဲ့ အဓိက အခြေခံကိစ္စဖြစ်ကြောင်း အမှုတွဲမှာ ဖော်ပြထားပါတယ်။

 

"ကုမ္ပဏီချင်းပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ညှိနှိုင်းတုန်းက မစ္စတာ'မက်စ်'အရေးစိုက်ခဲ့တဲ့ ကဏ္ဍကွဲသဘောတူညီမှုတွေမှာ အဓိကချိုးဖောက်ခဲ့ပြီး မစ္စတာ'မက်စ်'ကို သတင်းအချက်အလက်မှားတွေသာ ပေးပို့ခဲ့ကြပါတယ်" လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် တွစ်တာက အထက်ပိုင်းအမှုဆောင်များနဲ့ အရည်အချင်းရှိအဖွဲ့ရဲ့ ၃ ပုံ ၁ ပုံကိုလည်း အလုပ်ထုတ်ပစ်ခဲ့ပြီး လက်ရှိစီးပွားရေးအဖွဲ့အစည်းရဲ့ အဓိကအစိတ်အပိုင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ကိုလည်း တွစ်တာကချိုးဖောက်ခဲ့တာကြောင့် ဝယ်ယူဖို့ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း 'မက်စ်'ကဆိုပါတယ်။

 

'မက်စ်'ကဝယ်ယူဖို့ ဖျက်သိမ်းလိုက်တာကြောင့် သူနဲ့တွစ်တာကြား တရားဥပဒေအရ ရင်ဆိုင်လာရဖို့ရှိပါတယ်။

 

တရားရုံးကြားနာမှုတွေ လာမယ့်သီတင်းပတ်များအတွင်း စတင်ပြီး လအနည်းငယ်ကြာရင် ပြဿနာပြေရှင်းသွားဖို့ မျှော်လင့်ထားကြောင်း တွစ်တာကဆိုပါတယ်။

 

တွစ်တာရဲ့ရှယ်ယာတန်ဖိုးက ၃၄.၅၈ ဒေါ်လာဖြင့် ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဧပြီလအစောပိုင်း ကုမ္ပဏီမှာ'အီလွန်မက်စ်'ပါဝင်လာချိန်တုန်းက တွစ်တာရှယ်ယာတန်ဖိုး ထိုးတက်သွားခဲ့ပါတယ်။

 

ဧပြီ ၂၅ ရက်နေ့ တွစ်တာကိုဝယ်ယူဖို့ သဘောတူညီလိုက်တဲ့အချိန်မှာတော့ ရှယ်ယာတန်ဖိုးတွေက ရက်ပိုင်းအတွင်း ကျဆင်းသွားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေက 'မက်စ်'အနေနဲ့ ထိုသဘောတူညီချက်ကို ဖျက်သိမ်းလာနိုင်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

 

တွစ်တာမှာ လူလုပ်အသိဉာဏ်ထိန်းချုပ်ထားတဲ့ အကောင့်တုတွေအကြောင်း အထောက်အထားမပြနိုင်ခင်အထိ 'မက်စ်'က ဝယ်ယူဖို့ကို ဆိုင်းငံ့ထားခဲ့ပါတယ်။

 

အကြောင်းတစ်စုံတရာကြောင့် မဝယ်ယူဖြစ်ခဲ့ဘူးဆိုရင် 'မက်စ်'အနေနဲ့ တွစ်တာကိုလျော်ကြေး ဒေါ်လာ ၁ ဘီလီယံပေးဆောင်ဖို့ စာချုပ်မှာ ထည့်သွင်းထားပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကလည်း သူတို့ရဲ့အလုပ်နေရာ၊ လစာ၊ အဝေးမှထိန်းချုပ် လုပ်ကိုင်နိုင်ခွင့်တွေအပေါ် စိုးရိမ်ပူပန်လျက်ရှိပါတယ်။

 

Source: Reuters
#Yangon_Media_Group