#WorldNews
Published 9 July 2022

 

ဇူလိုင် ၄ ရက်နေ့ အမေရိကန်လွတ်လပ်ရေးနေ့ပွဲမှာ သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့သူရဲ့အဖေက သားဖြစ်သူပြစ်မှု မကျူးလွန်ခင်ညကမှ ဒိန်းမတ်ကပစ်ခတ်မှုအကြောင်းကို သူတို့နှစ်ယောက်ပြောဆိုနေခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ကဖွင့်ဟခဲ့ပြီး သူ့ရဲ့သားဖြစ်သူ သေနတ်ဘယ်လိုရရှိလာသလဲဆိုတဲ့အပေါ် သူ့မှာအပြစ်မရှိကြောင်း ရှင်းပြခဲ့ပါတယ်။

 

စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့သားဖြစ်သူကို ကူညီပြီးသေနတ်ဝယ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုဖြေရှင်းဖို့ အဖေဖြစ်သူ'ရောဘတ်ခရိုင်မိုဂျူနီယာ'က 'အာရ်ကယ်လီ'ရဲ့ရှေ့နေတစ်ဦးကို ခေါ်ယူခဲ့ပါတယ်။

 

သူနဲ့ သားဖြစ်သူ 'ရောဘတ်ခရိုင်မို၃'တို့ဟာ တနင်္ဂနွေနေ့က ကိုပင်ဟေဂင်ဈေးဝယ်စင်တာ အပြင်ဘက်က ပစ်ခတ်မှုအကြောင်း ဆွေးနွေးခဲ့ကြကြောင်း ပြန်ပြောပြခဲ့ပါတယ်။

 

သူ့သားက ဒိန်းမတ်ကသေနတ်သမားကို အရူးကောင်လို့တောင်ခေါ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 

'ရောဘတ်ခရိုင်မိုဂျူနီယာ'က အရင်က မြို့တော်ဝန်လောင်းနေရာလျှောက်ခဲ့ဖူးသူဖြစ်ပြီး ပေါင်မုန့်အသားညှပ်ဆိုင်ဖွင့်ခဲ့သူဖြစ်ပါတယ်။

 

အခုတော့ သားဖြစ်သူကို သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ရရှိအောင် အားပေးကူညီခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

 

ထိုလိုင်စင်ဖြင့် 'ခရိုင်မို၃'ဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့ သေနတ်အပါအဝင် သေနတ် ၄ လက်ဝယ်ယူခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ်က ဆွေမျိုးသားချင်းတွေကို အန္တရာယ်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့တယ်လို့ အာဏာပိုင်တွေကသတ်မှတ်ပြီး ၃ လအကြာမှာပဲ သားဖြစ်သူအတွက် သေနတ်လိုင်စင်လျှောက်ထားခွင့်ကို ထောက်ခံပေးခဲ့တာဖြစ်ပါတယ်။

 

သေနတ်သမားရဲ့အိမ်မှာ ရဲတွေက ဓားရှည်တစ်ချောင်းနဲ့ ဓားတို ၁၅ ချောင်းတွေ့ရှိခဲ့ပေမယ့် အဖေဖြစ်သူကတော့ ဒါဟာ လူငယ်သဘာဝ စုဆောင်းသိမ်းဆည်းခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

 

သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထောက်ခံပေးတာက သေနတ်ပစ်ကွင်းကိုသွားပြီးလေ့ကျင့်ဖို့ထင်တာကြောင့်ဖြစ်ကြောင်း ပြောပြခဲ့ပြီး သားကတော့ AR-15 သေနတ်ကို ဝယ်ယူကာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

"သူ့ဘာသာ အဲဒီကိုကားမောင်းသွားတယ်၊ သူ့ဘာသာမှာတယ်၊ သူ့ဘာသာယူသွားတယ်၊ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး၊ သူတို့က ကျွန်တော်ကူညီအားပေးနေတယ်လို့ ထင်နေကြတယ်၊ ကျွန်တော်ဒီမှာပဲ တစ်ချိန်လုံးနေလာပြီး ဆက်ပြီးလည်းနေသွားမှာပါ၊ ကျွန်တော်အမှားမလုပ်ထားတာကြောင့် ခေါင်းမော့ရင်ကော့ပြီးနေနိုင်ပါတယ်"လို့ 'ရောဘတ်ခရိုင်မိုဂျူနီယာ'က ရှင်းပြသွားပါတယ်။

 

အဖေက သူ့သားကိုအပြည့်အဝထောက်ခံပြီး တရားခွင်အားလုံးလိုက်ပါတက်ရောက်မှာဖြစ်ပေမယ့် ဒီအဖြစ်အပျက်ကိုတော့ မကျေနပ်ဘဲရှိနေပါတယ်။

 

"သူ့ကို ထောင်ဒဏ်အကြာကြီးချမှတ်စေချင်ပါတယ်၊ ဒါဘဝပါပဲ၊ ကိုယ်လုပ်ခဲ့တာအတွက် ပြန်ပြီးအကျိုးခံစားရမှာပါ၊ သူ့မှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေပါတယ်၊ ကျွန်တော်သိပ်ပြီး သတိမထားလိုက်မိဘူး" လို့ ဆိုပါတယ်။

 

သူ့သားက ရန်လိုမုန်းတီးစိတ်နဲ့ ပြစ်မှုကျူးလွန်ခဲ့တာမဟုတ်ကြောင်း၊ အဲဒီသတင်းကိုကြားတော့ ကျွန်တော်လည်း အတော်ထိတ်လန့်သွားပါတယ်လို့ ပြောပြသွားပါတယ်။

 

Source: New York Post
#Yangon_Media_Group