#WorldHealth
Published 30 June 2022

 

တုပ်ကွေးကာကွယ်ဆေးအနည်းဆုံး ၁ ကြိမ်ထိုးနှံထားသူတွေဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ယှဉ်ရင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပေါ်နိုင်ချေ ၄၀ ရာခိုင်နှုန်းပိုမိုနည်းပါးကြောင်း ၄ နှစ်တာလေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ရတယ်လို့ UTHealth Houston က ဖော်ပြခဲ့ပါတယ်။

ထိုလေ့လာမှုမှာ အမေရိကန်မှ အသက် ၆၅ နှစ်နဲ့အထက်လူကြီး ၁ သန်းနီးပါးကိုလေ့လာခဲ့ပြီး တုပ်ကွေးကာကွယ်ဆေးအနည်းဆုံး ၁ ကြိမ်ထိုးထားသူတွေနဲ့ မထိုးထားသူတွေကို အယ်လ်ဇိုင်းမားရောဂါဖြစ်ပေါ်နိုင်မှုနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးခြင်းနဲ့ အယ်လ်ဇိုင်းမားဝေဒနာလျော့ကျခြင်းတို့ကြား ဆက်စပ်မှုကို UTHealth Houston မှ သုတေသီများက အရင် ၂ နှစ်လောက်ကတည်းကတွေ့ရှိခဲ့ပြီးနောက် အခုလိုလေ့လာဖော်ထုတ်လာကြတာဖြစ်ပါတယ်။

အခုတစ်ခါလေ့လာမှုက အရင်လေ့လာမှုထက် နမူနာလူများပိုမိုပါဝင်လာပြီး တုပ်ကွေးကာကွယ်ဆေးထိုးထားသူ ၉၃၅,၈၈၇ ဦးနဲ့ ကာကွယ်ဆေးမထိုးထားသူ ၉၃၅,၈၈၇ ဦးတို့ပါဝင်ခဲ့ပါတယ်။

 

“တုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့ သက်ကြီးရွယ်အိုတွေမှာ နှစ်တွေအတော်ကြာတဲ့တိုင်အောင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်၊ နှစ်စဉ်ကာကွယ်ဆေးထိုးတိုင်း ထိရောက်မှုက နှစ်တွေကြာတဲ့အထိ တာရှည်ခံပါတယ်၊ ဒါကြောင့်နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးနေသူများက အယ်လ်ဇိုင်းမားဖြစ်နိုင်ချေအနည်းဆုံးဖြစ်နေပါတယ်” လို့ သုတေသနအဖွဲ့မှ ‘ဘက်ခ်ဘိုင်ဒါ’က ပြောပြခဲ့ပါတယ်။

 

တုပ်ကွေးကာကွယ်ဆေးထိုးခြင်းက အယ်လ်ဇိုင်းမားလက္ခဏာများခံစားရတဲ့လူတွေမှာလည်း ဘယ်လိုပတ်သက်နေမလဲဆိုတာကို လေ့လာသွားဦးမှာဖြစ်ပါတယ်။

၄ နှစ်တာလေ့လာချက်မှာတော့ တုပ်ကွေးကာကွယ်ဆေးထိုးထားသူ ၅.၁ ရာခိုင်နှုန်းဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားလာပြီး ကာကွယ်ဆေးမထိုးထားသူ ၈.၅ ရာခိုင်နှုန်းကတော့ ရောဂါဖြစ်ပွားလာခဲ့ပါတယ်။

ကာကွယ်ဆေးအများအပြားက အယ်လ်ဇိုင်းမားလက္ခဏာဖြစ်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိနေပြီး တုပ်ကွေးကာကွယ်ဆေးတစ်မျိုးတည်းမဟုတ်ပါဘူး။

 

လျှော့ချပေးနိုင်ခြင်းရှိ/မရှိက ရှုပ်ထွေးတဲ့ကိုယ်ခံအားစနစ်အပေါ်လည်း မူတည်နေပါတယ်။
အချို့ရောဂါများကြောင့် အယ်လ်ဇိုင်းမားပိုဆိုးတာမျိုးရှိသလို အချို့အခြေအနေတွေကလည်း ကာကွယ်ပေးနိုင်တာမျိုးရှိပါတယ်။

 

အခုခေတ်မှာ အယ်လ်ဇိုင်းမားရောဂါအကြောင်း ဦးစားပေးလေ့လာနေကြသလို မှတ်ဉာဏ်ချို့တဲ့တဲ့ ဝေဒနာတွေအကြောင်း ရှာဖွေနေကြပါတယ်။

 

ထိုလေ့လာမှုတွေကနေ ကုသဖို့နည်းလမ်းတွေတွေ့ရှိဖို့ မျှော်လင့်နေကြပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group