Published 28 June 2022

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင်  တနင်္လာနေ့က နောက်တွဲပါကုန်တင်ယာဉ်ကြီး တစ်စီးပေါ်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦးကို သေဆုံးလျက်တွေ့ရှိကြရတယ်လို့ မြို့မီးသတ်ဌာနက ပြောပါတယ်။ ဒါဟာ အမေရိကန်-မက္ကဆီကို နယ်စပ်တလျောက်မှာ အဆိုးရွားဆုံး လတ်တလော လူကုန်ကူးမှု ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်နေပါတယ်။

နောက်တွဲယာဉ်အတွင်းက အပူရှပ်ပြီး ခြေကုန်လက်ပန်းကျနေတဲ့ (၁၆)ဦးကိုတော့ ဆေးရုံကိုပို့ဆောင်လိုက်ရပါတယ်လို့ မီးသတ်ဌာနကပြောပါတယ်၊ အဲဒီအထဲမှာ ကလေးငယ် လေးဦးပါဝင်ပြီး လူ(၃)ဦးကို အဲဒီအဖြစ်အပျက်နှင့်ပတ်သက်ပြီး ထိန်းသိမ်းထားတယ်လို့လည်း အရာရှိတွေကပြောပါတယ်။

မြို့တောင်ပိုင်း ဆင်ခြေဖုံးက နယ်စပ်ဒေသတစ်ခုက ရထားလမ်းဘေးမှာ အဲဒီထရပ်ကားကို တွေ့ရှိကြရတာပါ။

ထရပ်ကားတွေမှာ ရွှေ့ပြောင်းသူတွေ အသက်ရှုကြပ်သေဆုံးရတဲ့အဖြစ်အပျက်ကို “ တက္ကဆပ်က ကြေကွဲစရာ” လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆီလို အီဘရန်းက တွစ်တာမှာ သုံးနှုံးရေးသားလိုက်ပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ အတည်ပြုလို့မရသေးလို့ ဒေသဆိုင်ရာ ကောင်စစ်ဝန်တစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာ ရောက်ရှိနေပါတယ်။

မကြာသေးခင်လများအတွင်း အမေရိကန်-မက္ကဆီကို နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းကြသူတွေအရေအတွက်ဟာ စံချိန် တင်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ဦးဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ လူဝင်မှုမူဝါဒအပေါ် ဝေဖန်မှုတွေပြင်းထန်ခဲ့ တာဖြစ်ပါတယ်။

မက္ကဆီကို နယ်စပ်ကနေ ၁၆၀မိုင်ဝေးကွာတဲ့ ဆန်အန်တိုနီယိုမှာ တနင်္လာနေ့က အပူချိန်ဟာ ၃၉.၄ ဒီဂရီဆဲလ်စီယတ်စ်ရှိနေပြီး စိုထိုင်းဆလည်းမြင့်မားနေခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ဇူလိုင်လတုန်းကလည်း ဆန်အန်တိုနီယိုက ဝေါမတ်ကားနားကွင်းမှာ ရပ်ထားတဲ့ နောက်တွဲယာဉ်ပါကားအတွင်း ရွှေ့ပြောင်းဝင်ရောက်ကြသူ ၁၀ဦး သေဆုံးခဲ့ပါသေးတယ်။ အဲဒီအဖြစ်အပျက်မှာ ယာဉ်မောင်း ဂျိမ်းစ်မက်သယူးဘရက်ဒလေ ဂျူနီယာကို လူကုန်ကူးမှုနှင့်အရေးယူပြီး ထောင်တစ်သက် အပြစ်ပေးခဲ့ပါတယ်။

Source Reuters