#WorldPolitics
Published 23 June 2022

 

ဘူလ်ဂေးရီးယားအစိုးရနဲ့ ဝန်ကြီးချုပ်တို့ကို အယုံအကြည်မရှိ အဆိုအောင်မြင်သွားပြီး ဘူလ်ဂေးရီးယားအစိုးရပြုတ်ကျကာ ဝန်ကြီးချုပ်'ကီရဲလ်ပက်ကော့ဗ်'တို့ကို ဗုဒ္ဓဟူးနေ့မှာ ရာထူးမှဆင်းပေးလိုက်ရပါတယ်။

 

ဘူလ်ဂေးရီးယားအစိုးရနဲ့ ဝန်ကြီးချုပ်တို့ဟာ ရုရှားကိုဆန့်ကျင်တဲ့ ရပ်တည်ချက်ကို ထူးခြားစွာ ရပ်တည်ခဲ့ပြီး အကျင့်ဖျက်ခြစားမှုကို တိုက်ဖျက်ဖို့ ကတိပြုထားသူတွေဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ ၆ လလောက်ကမှ အာဏာရလာတဲ့အစိုးရအဖွဲ့ဟာ နိုင်ငံတော်အသုံးစရိတ်ကိစ္စနဲ့ မြောက်မက်ဆီဒိုးနီးယားရဲ့ အီးယူဝင်ရောက်ခွင့်ကိုခွင့်ပြုပေးသင့်/မပေးသင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ၁၂၃ မဲ - ၁၁၆ မဲဖြင့်ရှုံးနိမ့်ခဲ့ပြီး ဥပဒေရေးရာအတိုက်အခံ လွှတ်တော်အမတ်များက လက်ရှိအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

 

ဥရောပသမဂ္ဂအဖွဲ့ဝင်ထဲက အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယားမှာ ငွေကြေးဖောင်းပွမှုကိုထိန်းညှိရန် အစိုးရက ဘဏ္ဍာရေးနဲ့စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

 

ဘူလ်ဂေးရီးယားက အခုဆိုရင် ၂၀၂၁ ဧပြီနောက်ပိုင်း စတုတ္ထအကြိမ်မြောက်အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရဖွယ်ရှိနေပြီး ၂၀၂၄ ခုနှစ်မှာ ယူရိုငွေလက်ခံကျင့်သုံးရေး အစီအစဉ်များနဲ့ အီးယူပြန်လည်ထူထောင်ရေးရန်ပုံငွေမှ ယူရိုငွေသန်းပေါင်းများစွာ လက်လွှတ်ရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

 

ဝန်ကြီးချုပ်'ပက်ကော့ဗ်'က "ဒီမဲခွဲဆုံးဖြတ်မှုက ရှေ့လျှောက်ရမယ့်အစီအစဉ်တွေအများကြီးထဲကမှ အစိတ်အပိုင်းလေးတစ်ခုသာဖြစ်ပါတယ်၊ သူတို့နားမလည်နိုင်တာက ဒီလိုဆုံးဖြတ်လိုက်လို့ ဘူလ်ဂေးရီးယား ပြည်သူတွေရဲ့ ထောက်ခံမှုရရှိလာမှာမဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

 

အသက် ၄၂ နှစ်ရှိ 'ပက်ကော့ဗ်'ဟာ ဟားဗတ်ဘွဲ့ရတစ်ဦးဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။

 

ဘူလ်ဂေးရီးယားနိုင်ငံဟာ အရင်တုန်းက ရုရှားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးအစဉ်အလာရှိထားတဲ့နိုင်ငံဖြစ်ပေမယ့် ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် 'ပက်ကော့ဗ်'ဟာ ဘူလ်ဂေးရီးယားအနေနဲ့ ဥရောပနဲ့ နေတိုးအဖွဲ့ကို ထောက်ခံတဲ့ သဘောမျိုးပြသခဲ့ပါတယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်ခြင်းအပေါ် စစ်ပွဲလို့သတ်မှတ်ဖို့ကို ငြင်းပယ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ဖေဖော်ဝါရီလတုန်းက 'ပက်ကော့ဗ်'က ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။

 

'ပက်ကော့ဗ်'ဟာ ရုရှားကိုဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့ အီးယူဆုံးဖြတ်များအပေါ်ထောက်ခံအားပေးခဲ့တဲ့အပြင် ယူကရိန်းမှ အကြီးစားစစ်ယန္တရားများကို ပြုပြင်ဖို့လည်း သဘောတူညီခဲ့ပါတယ်။

 

ဘူလ်ဂေးရီးယားနိုင်ငံဟာ ရုရှားဓာတ်ငွေ့ကို အလုံးစုံနီးပါး မှီခိုနေခဲ့ရပြီး ရုရှားတောင်းဆိုထားတဲ့အတိုင်း ရုရှားငွေရူဘယ်လ်ဖြင့် ဝယ်ယူဖို့ငြင်းဆန်ခဲ့ရာ ရုရှားကဓာတ်ငွေ့ပေးပိုမှု ရပ်ဆိုင်းလိုက်ပါတယ်။

 

ဒါကြောင့်နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ရရှိစေရန် ကြိုးပမ်းခဲ့ကြပေမယ့် နောက်ဆက်တွဲနိုင်ငံရေးပြဿနာများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။

 

ပင်စင်လစာတိုးဖို့နဲ့ အစားအစာ လောင်စာဈေးနှုန်းများမြှင့်တက်လာတာနဲ့အမျှ အိမ်ထောင်စုများကိုထောက်ပံ့ဖို့အတွက် အသုံးစရိတ်ပြုပြင်ပြောင်းလဲရေး မူကြမ်းကို လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးဖို့မျှော်လင့်ကြောင်း ဒုတိယဝန်ကြီးချုပ်'အက်ဆန်ဗက်ဆီလက်ဗ်'က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

လက်ရှိအာဏာရအဖွဲ့ကို ဆန့်ကျင်ဖို့ ဝန်ကြီးချုပ်ဟောင်း'ဘွိုင်ကိုဘော်ရီဆော့ဗ်'ရဲ့ GERB ပါတီက အဆိုပြုခဲ့တာဖြစ်ပြီး စီးပွားရေးပြဿနာများနဲ့ ယူကရိန်းစစ်ပွဲကြောင့် ကွဲပြားနေတဲ့ ရုရှားထောက်ခံရေး ပါတီများအနေနဲ့ မဲခွဲဆန္ဒပြုခြင်းတွေကနေ အကျိုးအမြတ်ရလာနိုင်ပါတယ်။

 

Source: Reuters
#Yangon_Media_Group