Published 25 August 2021
ဖိလစ်ပိုင်အလှဘုရင်မတစ်ဦးက သူ့ထက်အသက်နှစ်ဆကြီးတဲ့ နိုင်ငံရေးသမား ပါလီမန်အမတ်တစ်ဦးနှင့် ဖိလစ်ပိုင်တောင်ပိုင်း မူစလင်အများစုပြည်နယ်ဖြစ်တဲ့ မဂွင်ဒန်နုအိုမှာ ဩဂုတ် ၂၅ ရက်က လက်ထပ်လိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းဟာ လက်မထပ်ခင်က ငြင်းစရာခုန်စရာနှင့် အပျော်ဖတ်စာစောင်တွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ဖြစ်ခဲ့ရတာပါ လို့ South China Morning Post က ရေးသားလိုက်ပါတယ်။ 
 
အသက် ၅၃ နှစ်အရွယ်ရှိတဲ့ ပါလီမန်အမတ်အက်မေးလ်တိုတို မင်ဂူဒက်ဒက်တူ နှင့် အသက် ၂၄နှစ်အရွယ် ရှာရီဖာ အက်ကီး တို့ဟာ အမတ်မင်းက အခြား အမျိုးသမီး မယ်လင်းမင်ဂူဒက်ဒက်တူနှင့် လက်ထပ်ထားဆဲမှာ ဇာတ်လမ်းရှုပ်နေခဲ့ကြတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ မယ်လင်းက သူ့ကို မိန်းမရှုပ်တဲ့သူလို့ ဆက်တိုက်စွပ်စွဲပြောဆိုခဲ့ပြီး ရုပ်သံဆွေးနွေးခန်းတစ်ခုမှာလည်း သူမရဲ့ ကိုယ်ပိုင်ဘဝကို ဖွင့်ဟဆွေးနွေးခဲ့တာဖြစ်ပါတယ်။
 
“ အစ္စလမ်ဥပဒေအရ ယောကျ်ားတစ်ယောက်ဟာ မိန်းမလေးယောက်ယူနိုင်ပါတယ်။ ဒါပေမယ့် သူက ပြည့်နေပြီ” လို့ မယ်လင်းက ရုပ်သံမေးမြန်းတင်ဆက်သူကို ပြောခဲ့ပါတယ်။
“ အခြားမိန်းမတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် ယောကျ်ားတစ်ယောက်ဟာ လက်ရှိမိန်းမတွေဆီက ခွင့်ပြုချက်ယူရ တယ်” လို့လည်း သူမက ပြောခဲ့ပါတယ်။
အာရှပိစိဖိတ်မယ်၂၀၁၈ ရရှိခဲ့တဲ့ ရှာရီဖာကလည်း ဆိုရှယ်မီဒီယာတွေက တစ်ဆင့် သူမကိုယ်သူမ ပြန်လည်ခုခံရေးသား ပြောဆိုခဲ့ပါတယ်။ တရားရုံးကိုလာပြီး ရှင့်မှာရှိတဲ့ အထောက်အထားတွေနှင့်လာကြွားလေ လို့ ရှာရီဖာက စိန်ခေါ်ခဲ့ပါတယ်။
 
ပြီးတော့ မယ်လင်းဟာ အစ္စလမ်ဥပဒေကို ချိုးဖောက်သူလို့ ပြန်သတိပေးခဲ့ပါတယ်။
ဖိလစ်ပိုင်က အင်တာနက်သုံးသူတွေဟာ လက်ထပ်ပွဲနှင့်ပတ်သက်ပြီး အမျိုးမျိုးမှတ်ချက်ပေးနေကြပါတယ်။
 
ရှာရီဖာဟာ ကာတာနှင့်ဖိလစ်ပိုင်ကပြားတစ်ဦးဖြစ်ပါတယ်။ သူမဟာ ဆင်းဆင်းရဲရဲနှင့် ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ပြီး သူ့မဇာတိမြို့ကလေးမှာ ကျောင်းဆရာမလုပ်ခဲ့ပါတယ်။ အခုတော့သူမက ပြည်နယ်ကွန်ဂရက်ရုံးမှာ အလုပ်လုပ်နေပါတယ်။
 
အမတ်မင်း မင်ဂူဒက်ဒက်တူက နိုင်ငံရေးသမားမျိုးရိုးကဆင်းသက်လာသူပါ။ ၂၀၀၉ခုနှစ်က မဂွင်ဒန်နုအို အစုအပြုံလိုက်အသတ်ခံရတဲ့ ကိစ္စကြီးမှာ သူ့မိသားစုဟာ ပစ်မှတ်ဖြစ်ခဲ့ရပါတယ်။ အဲဒီကိစ္စမှာ လူပေါင်း ၅၈ဦးသေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ သူ့မိန်းမနှင့် သတင်းသမား ၃၄ ဦးပါဝင်ခဲ့ရပါတယ်။ သူဟာ ပါလီမန်အမတ်မဖြစ်ခင် ၂၀၁၀ကနေ ၂၀၁၉ အထိ မဂွင်ဒန်နုအို မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်ခဲ့ပါတယ်။
 
သူတို့ရဲ့လက်ထပ်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် လူတွေအကန့်အသတ်နှင့်ပဲ ဖိတ်ကြားခဲ့တယ်လို့ SCMP က ရေးသားလိုက်ပါတယ်။
Source: SCMP