#WorldHealth
Published 17 June 2022

မျောက်ကျောက်ရောဂါဗိုင်းရပ်စ်က အမျိုးသားလူနာရှင်တွေရဲ့ သုတ်ရည်ထဲမှာပါရှိကြောင်း တင်ပြလာကြတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က ကြည့်ရှုစစ်ဆေးလျက်ရှိပြီး ဒီရောဂါက လိင်မှတဆင့်ကူးစက်နိုင်လားဆိုတာကို လေ့လာနေကြကြောင်း WHO အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

 

လက်ရှိအချိန်မှာ ဥရောပမှာအဓိကပျံ့ပွားနေတဲ့ မျောက်ကျောက်ရောဂါက အနီးကပ်ထိတွေ့ဆက်ဆံရတဲ့ လိင်ဆက်ဆံဖော်တွေကြားမှာတွေ့ရှိရပြီး ဗိုင်းရပ်စ်က တစ်ဦးနှင့်တစ်ဦးအနီးကပ်ထိတွေ့မှုမှ တဆင့်ကူးစက်နိုင်ကြောင်း WHO က ထပ်လောင်းပြောကြားထားပါတယ်။

 

လတ်တလောရက်များအတွင်း အီတလီနဲ့ဂျာမနီတို့မှာ ဓာတ်ခွဲခန်းစမ်းသပ်မှုကနေပြီး မျောက်ကျောက်ရောဂါလူနာအချို့ကနေ ဗိုင်းရပ်စ် DNA ကို သုတ်ရည်ထဲမှာတွေ့ရှိခဲ့ကြကြောင်း၊ လူနာသုတ်ရည်ထဲကဗိုင်းရပ်စ်က အခြားလူတစ်ဦးကိုကူးစက်ပြီး ပျံ့ပွားနိုင်ကြောင်းယူဆလို့ရနေပါတယ်။

 

WHO ဥရောပဆိုင်ရာ မျောက်ကျောက်ရောဂါဌာနမန်နေဂျာ'ကက်သရင်းစမောလ်ဝုဒ်'က လက်ရှိသတင်းတင်ပို့ချက်များအရ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ဟာ လိင်မှတဆင့်ကူးစက်လားဆိုတာကို သေချာမသိရသေးကြောင်း ဆိုပါတယ်။

 

"ဒီရောဂါနဲ့ပတ်သက်ပြီး ကျွန်မတို့မသိသေးတဲ့ အကြောင်းအရာတစ်ခုဖြစ်လာနိုင်ပါတယ်၊ ကူးစက်မှု အများဆုံးပုံစံကို အဓိကအာရုံစိုက်လေ့လာခဲ့ရာ အသားချင်းထိတွေ့မှုကနေကူးစက်နိုင်တယ်ဆိုတာကို ထင်ထင်ရှားရှားသိခဲ့ရပါတယ်"လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

မေလအစောပိုင်းတည်းက နိုင်ငံပေါင်း ၃၀ နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုပေါင်း ၁,၃၀၀ ကျော်တွေ့ရှိရကြောင်းနဲ့ ကူးစက်သူအများစုက ယောကျ်ားချင်းလိင်ဆက်ဆံသူတွေဖြစ်ကြောင်းတင်ပြ ထားပါတယ်။

 

ရောဂါပျံ့နှံလာချိန်မှာ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အနီးကပ်စောင့်ရှောက်သူများကို ကာကွယ်ဆေးထိုးပေးဖို့ WHO က အကြံပြုထားပြီး ကာကွယ်ဆေးတွေ သိုလှောင်ဖို့အရေးတကြီးလုပ်ဆောင်ရတော့မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

 

"အစိုးရတွေအနေနဲ့ ကပ်ရောဂါတုန်းကလို အမှားမဖြစ်စေဘဲ မျောက်ကျောက်ရောဂါကိုတိုက်ဖျက်ရမှာဖြစ်ကြောင်း၊ အားလုံးကိုညီတူမျှတူသဘောထားသင့်ကြောင်း WHO ဥရောပဆိုင်ရာညွှန်ကြားရေးမှူး'ဟန်စ်ကလုဂ်'က ဆိုပါတယ်။

 

Source: Reuters
#Yangon_Media_Group