#WorldScience
Published 11 June 2022

 

အင်္ဂလန်နိုင်ငံဝိုက်ကျွန်းက ကျောက်ဆောင်ပင်လယ်ကမ်းစပ်မှာ အသားစားဒိုင်နိုဆောတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းများကိုတွေ့ရှိခဲ့ရာ ဥရောပကသိရှိခဲ့ဖူးသမျှ သတ္တဝါတွေအားလုံးထက် ပိုကြီးမားနိုင်တယ်လို့ ယူဆရပါတယ်။

 

ဒီသားရဲ ဒိုင်နိုဆောကြီးဟာ မှတ်တမ်းတင်ခဲ့ဖူးတဲ့ အကြီးမားဆုံးအသားစားဒိုင်နိုဆော မျိုးစိတ်တွေရဲ့ မျိုးနွယ်ဆက်စပ်နေပါတယ်။

 

ဦးခေါင်းခွံနဲ့ သွားတွေမပါဘဲ ကျောရိုး၊ တင်ပါးရိုး၊ အမြီးရိုးတို့ပါဝင်တဲ့ ဒိုင်နိုဆောအရိုးငြမ်းအစိတ်အပိုင်းများကို တွေ့ရှိခဲ့ရာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၂၅ သန်းလောက်က နေထိုင်ခဲ့ကြတာဖြစ်ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

တွေ့ရှိထားတဲ့အပိုင်းအစများ အတိုင်းခန့်မှန်းတွက်ချက်ကြည့်ရာ ဒိုင်နိုဆောက ၃၃ ပေထက်ပိုရှည် နေနိုင်ပါတယ်။

 

"ဒီအစိတ်အပိုင်းတွေအရ အရွယ်အစားကအံ့အားသင့်စရာပါပဲ၊ ဥရောပမှာကျင်လည်ခဲ့ဖူးတဲ့ အကြီးဆုံး ကုန်းနေသားရဲကြီးဖြစ်နိုင်ပါတယ်" လို့ ဆောက်သမ်တန်တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပါရဂူဘွဲရ'ခရစ္စဘာ့ကာ'က ဆိုပါတယ်။

 

အမြီးရိုးထိပ်ပိုင်းက မြောင်းပေါက်ငယ်တလျှောက်ပေါ်မူတည်ပြီးတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၉၅ သန်းလောက်ကနေထိုင်တဲ့ စပိုင်နိုဆောရပ်စ်မျိုးနွယ်ဝင်ဖြစ်ပြီး ပေ ၅၀ အထိရှည်လျားနိုင်ပါတယ်။

 

စပိုင်နိုဆောတွေက မိချောင်းခေါင်းလိုမျိုး ရှည်လျားတဲ့ဦးခေါင်းခွံနဲ့ ကတော့ပုံစံသွားချွန်များပါရှိကာ သားကောင်များ ချော်ထွက်မသွားအောင် ဖမ်းကိုက်ထားနိုင်ပြီး သန်မာတဲ့လက်များနဲ့ လက်သည်းများပါရှိကာ ရေနေသတ္တဝါများအပြင် အခြားဒိုင်နိုဆောတွေကိုပါ စားသောက်လေ့ရှိပါတယ်။

 

တွေ့ရှိထားတဲ့ရုပ်ကြွင်းတွေက မပြည့်စုံတာကြောင့် သုတေသီတွေက ဒီဒိုင်နိုဆောကို သိပ္ပံနာမည်ပေးလိုမရသေးဘဲ အရိုးတွေတွေ့ရှိခဲ့တဲ့ မြေအလွှာပေါ်မူတည်ပြီး ကျောက်ဖြူစပိုင်နိုဆောရစ်လို့ ခေါ်ကြပါတယ်။

 

ဥရောပမှာတွေ့ရှိဖူးတဲ့ အကြီးဆုံးအမျိုးအစားကတော့ ၃၃ ပေရှည်လျားတဲ့ တော်ဗိုဆောရပ်စ်ဖြစ်ပါတယ်။

 

"ဒီတစ်ကောင်က အတော်ကိုကြီးတာပါ၊ နောက်ထပ်ရုပ်ကြွင်းတွေထွက်ပေါ်လာဖို့မျှော်လင့်ပါတယ်၊ ဦးခေါင်းခွံတို့ သွားတို့ဆိုရင်တော့ အကြိုက်ဆုံးပဲ"လို့ ဆောက်သမ်တန်တက္ကသိုလ်မှ ရုပ်ကြွင်းဇီဝပညာရှင်'နေးလ်ဂေါ့စ်လင်း'က ပြောပြသွားပါတယ်။

 

ဒီရုပ်ကြွင်းများကို ဝိုက်ကျွန်းအနောက်တောင်ဘက်ကမ်းရိုးတန်းရှိ ကမ့်တန်ပင်လယ်အော်တလျှောက်မျက်နှာပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

အပင်စားဒိုင်နိုဆောအမျိုးမျိုးနဲ့ ပျံသန်းနိုင်တဲ့တွားသွားသတ္တဝါများနေထိုင်ရာ ရေကန်ပတ်ဝန်းကျင်မှာ အဆိုပါအသားစားဒိုင်နိုဆော နေထိုင်ခဲ့တာဖြစ်ပါတယ်။

 

ထိုအချိန်တုန်းက ပင်လယ်ရေမျက်နှာပြင်က အခုအချိန်ထက် များစွာမြင့်တက်နေပြီး ဥရောပနေရာအတော်များများက ရေအောက်မြုပ်နေခဲ့ပါတယ်။

 

ဝိုက်ကျွန်းဟာ ဒိုင်နိုဆောရုပ်ကြွင်းအများအပြားတွေ့ရှိရာနေရာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ပေ ၃၀ ရှည်လျားတဲ့ စပိုင်နိုဆော ၂ ကောင်ရဲ့ရုပ်ကြွင်းတွေတွေ့ရှိခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group