#Health_Tips
Published 9 June 2022

 

လူတွေပြုလုပ်လာကြတဲ့ အလေ့အထအချို့ဟာ တကယ်တော့ခံတွင်းကျန်းမာရေးကို ထိခိုက်စေကြောင်း ကျွမ်းကျင်သူတစ်ဦးက သတိပေးခဲ့ပါတယ်။

 

အွန်လိုင်းပေါ်ကနေ ကျန်းမာရေးအကြံပြုချက်များခေတ်စားလာရာ ကျန်းမာရေးနဲ့ပတ်သက်တဲ့တကယ့်အမှန်တရားကို သိရှိဖို့ခက်ခဲလာကြောင်း သွားနှင့်ခံတွင်းဆရာဝန်ကြီး'ခါလက်ဒ်ကာဆမ်'က ပြောပြသွားပါတယ်။

 

သွားတွေကိုထိခိုက်စေပြီး နာကျင်မှုဖြစ်စေတဲ့ အပြုအမူ ၅ မျိုးကို ဆရာဝန်ကဖော်ပြသွားပါတယ်။

 

(၁) သံပရာရည်
TikTok တို့ အွန်လိုင်းပေါ်တို့မှာ သံပရာရည်သောက်သုံးခြင်းအကျိုးကျေးဇူးတွေကို ပြောပြထားတဲ့ဗီဒီယိုတွေ မြင်တွေ့နေရပါတယ်။

 

သံပရာရည်မှာ ဗိုက်တာမင်-စီ အပြည့်အဝပါဝင်သလို ရေဓာတ်ဖြည့်ပေးတဲ့အပြင် အသားရေကျန်းမာရေးနဲ့ အစာချေဖျက်ခြင်းတိုကို ကူညီပေးပါတယ်။

 

ဒါပေမဲ့ အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ သွားတွေကိုပျက်စီးစေနိုင်ပါတယ်။

 

သံပရာရည်က အက်ဆစ်ဓာတ်ကြွယ်ဝတာကြောင့် ကြွေလွှာတွေကိုတိုက်စားကာ သွားဖုံးမှာရောဂါဝင်ရောက်နိုင်ပါတယ်။

 

(၂) ပန်းသီးရှာလကာရည်
အွန်လိုင်းမှနာမည်ကျော်ပုဂ္ဂိုလ်တွေက ပန်းသီးရှာလကာရည်ဟာ အဆိပ်အတောက်ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကျစေတယ်လို့ အခိုင်အမာကြေညာနေကြပါတယ်။

 

ဒါပေမဲ့ သံပရာရည်လိုပဲ ပန်းသီးရှာလကာရည်ဟာလည်း အက်ဆစ်ဓာတ်များတာကြောင့် အများအပြားသုံးစွဲမိရင် သွားထိခိုက်စေရုံမက အစာအိမ်နဲ့လည်ချောင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။

 

(၃) မီးသွေးသွားတိုက်ဆေး
အင်တာနက်မှာဖော်ပြတဲ့ သွားဖြူစေတဲ့နည်းလမ်းတစ်ခုမှာ မီးသွေးသွားတိုက်ဆေးလည်းပါဝင်ပါတယ်။

 

ယာယီခဏတာတော့ ဖြူဖွေးစေနိုင်ပေမယ့် တကယ်ကတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။

 

မီးသွေးက သွားအပေါ်ယံလွှာကို ဖယ်ရှားကာ ခဏတာဖြူဖွေးလာစေပေမယ့် ကြွေလွှာထဲမှာမီးသွေးမှုန်တွေ စိမ့်ဝင်သွားပြီး သွားကျွတ်ဆတ်လာတတ်ပါတယ်။

 

ဖြူဖွေးတဲ့ သွားအလှပိုင်ဆိုင်ချင်ရင် သွားဆရာဝန်နဲ့တိုင်ပင်ပြသခြင်းက အထိရောက်ဆုံးနဲ့ စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။

 

(၄) သစ်သီးဖျော်ရည်ချည်းသက်သက် စွဲစွဲမြဲမြဲသောက်သုံးခြင်း
အွန်လိုင်းဗီဒီယိုတွေမှာ သစ်သီးဖျော်ရည်တွေချည်းပဲ စွဲမြဲသောက်သုံးသင့်ကြောင်း ဖော်ပြတာတွေရှိပါတယ်။

 

တစ်နေ့ကို ၅ ခွက်မျှသောက်သုံးခြင်းက ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။

 

ဖျော်ရည်ထဲမှာပါတဲ့သကြားတွေက ခံတွင်းထဲမှာစုလာပြီး သွားပေါက်တွေထဲခိုအောင်းနေနိုင်ပါတယ်။

 

ဖျော်ရည်များအလွန်အကျွံသောက်သုံးပါက သွားပေါက်ခြင်း၊ သွားကျိုးပဲ့ခြင်း၊ သွားပိုးစားခြင်းများ ဖြစ်ပေါ်စေတတ်ပါတယ်။

 

(၅) အစာကို နည်းနည်းနဲ့မကြာခဏစားခြင်း
အချိန်ခဏသာခြားပြီး အစာနည်းနည်းချင်းစီ မကြာမကြာစားခြင်းက ကောင်းကျိုးဖြစ်စေနိုင်တယ်လို့သိထားကြပေမယ့် သွားကိုအန္တရာယ်လည်း

ဖြစ်စေပါတယ်။

 

မကြာခဏစားသောက်ခြင်းကြောင့် စားလိုက်တဲ့အစာကိုချေဖျက်ရင်း သွားများအတွက်နားချိန်နည်းပါးရပါတယ်။

 

အဲဒီကနေ သွားနဲ့ခံတွင်းမှာ အက်ဆစ်ဓာတ်များလာပြီး ဘက်တီးရီးယားတွေစုဝေးလာစေပါတယ်။

 

Source: The Sun
#Yangon_Media_Group