Published 8 June 2022

အီရန်နိုင်ငံ အလယ်ပိုင်း တာဘားစ် မြို့အနီးမှာ ဇွန်၈ ရက်က ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

“ ၁၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၇ ဦးကို ဆေးရုံပို့ဆောင်ထားပါတယ်” ဟု အရေးပေါ်ဌာနပြောရေးဆိုခွင့်ရသူ မိုတာဘာခါလက်ဒီက နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။

“ ဒဏ်ရာရသူအများစုဟာ စိုးရိမ်ရတဲ့ အခြေအနေရှိလို့ သေဆုံးသူအရေအတွက် တိုးလာနိုင်ပါတယ်” လို့ သူကပြောပါတယ်။ အရေးပေါ်ကား ၂၄စီးနှင့် ရဟတ်ယာဉ်(၃)စီးတို့နှင့် ကယ်ဆယ်နေတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

တာဘားစ်ဟာ တောင်ခါရာဆန်ပြည်နယ်မှာတည်ရှိပြီး တီဟီရန်မြို့တော်ကနေ လမ်းမိုင်၅၆၀ခန့်ကွာဝေးတဲ့ နေရာမှာ တည်ရှိတဲ့မြို့ဖြစ်ပါတယ်။

ရထားဟာ ခရီးသည် ၃၄၈ ဦးတင်ဆောင်လာတယ်လို့ နိုင်ငံပိုင်ရထားဌာနရဲ့ ဒုတိယအကြီးအကဲ မီယာဟန်ဆန်မိုဆာဗီက ပြောပါတယ်။

မနက်(၅)ရီခွဲခန့်မှာ ရထားလမ်းအနီးက မြေတူးစက်နှင့်တိုက်မိပြီးနောက် ရထားလမ်းချော်ခဲ့ရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒဏ်ရာရသူအချို့ကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရတာကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။

ရထားတွဲ (၁၁) တွဲထဲက (၅)တွဲဟာ လမ်းချော်ခဲ့တာဖြစ်တယ်လို့ အီရန်လခြမ်းကြက်ခြေနီအသင်းဥက္ကဋ္ဌ မီဒီဗာလီပူးလ်က နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။

Source AFP