#WorldHealth
Published 2 June 2022

 

အချိုပါတဲ့ကော်ဖီဖြစ်စေ အချိုမပါတဲ့ကော်ဖီဖြစ်စေ သောက်သုံးပေးခြင်းဟာ အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ကိုလျှော့ချပေးနိုင်တာနှင့် ဆက်စပ်လျက်ရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်မှာဖော်ပြထားပါတယ်။

 

ကော်ဖီသာမန်ပမာဏလောက်ကို သကြားပါသည်ဖြစ်စေ မပါသည်ဖြစ်စေ နေ့စဉ်သောက်သုံးခြင်းဖြင့် ကော်ဖီမသောက်သူတွေထက်စာရင် အကြောင်းအမျိုးမျိုးကြောင့်သေဆုံးနိုင်ချေကို ၃၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း ယူကေဘိုင်အိုဘဏ်ကိုဟော့မှာ ဖော်ပြထားပါတယ်။

 

ကော်ဖီထဲမှာ ခရင်မ်အမှုန့်တွေထည့်သောက်သူတွေအတွက်တော့ တွေ့ရှိချက်တွေက သိပ်ပြီးစိတ်မချရနိုင်ကြောင်း ကွမ်ကျိုးတောင်ပိုင်းဆေးပညာတက္ကသိုလ်မှ ဒေါက်တာ'ချန်မောက်'ကဆိုပါတယ်။

 

"သကြားပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကော်ဖီသောက်သုံးခြင်းက အသက်သေဆုံးနိုင်ချေနည်းပါးစေနိုင်ပါတယ်၊ ကော်ဖီ ၁ ခွက်ခွဲကနေ ၃ ခွက်ခွဲအထိကို အလယ်အလတ်ပမာဏလို စာတမ်းပြုစုသူများက သတ်မှတ်ထားပါတယ်၊ အလယ်အလတ်ပမာဏလောက် ကော်ဖီသောက်သုံးခြင်းဖြင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အကြောင်းအမျိုးမျိုးတို့ကြောင့် အသက်သေဆုံးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်" လို့ Annals of Internal Medicine မှ လက်ထောက်အယ်ဒီတာ ဒေါက်တာ'ခရစ္စတီးနားဝီ'က ပြောပြသွားပါတယ်။

 

အစောပိုင်းလေ့လာချက်တွေမှာလည်း ကော်ဖီသောက်သုံးခြင်းနဲ့ အသက်သေဆုံးနိုင်ချေတို့ကြား ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ယူကေဘိုင်အိုဘဏ်မှ နှလုံးသွေးကြောရောဂါနဲ့ ကင်ဆာရောဂါမရှိသူ ၁၇၁,၆၁၆ ဦးကို လေ့လာခဲ့ကြပါတယ်။

 

သူတို့ကို အွန်လိုင်းမှစစ်တမ်းမေးခွန်းများ ဖြည့်စွက်ခိုင်းခဲ့ပြီး ကော်ဖီဘယ်လောက်သောက်သလဲ၊ သကြားဘယ်နှဇွန်းထည့်သလဲဆိုတဲ့ မေးခွန်းတွေပါဝင်ခဲ့ပါတယ်။

 

၇၆ ရာခိုင်နှုန်းသောလူတွေက ကော်ဖီသောက်သုံးသူများဖြစ်ကာ ၅၅.၄ ရာခိုင်နှုန်းက အချိုမထည့်ဘဲသောက်သုံးသူတွေဖြစ်ပြီး ၁၄.၃ ရာခိုင်နှုန်းက သကြားတစ်ဇွန်းခန့်၊ ၆.၁ ရာခိုင်နှုန်းကတော့ ခရင်မ်မှုန့်တွေ ထည့်သောက်ကြပါတယ်။

နောက် ၇ နှစ်အကြာ ထပ်မံလေ့လာခဲ့ရာမှာ ၃.၁၇၇ ဦးသေဆုံးခဲ့ကာ ၁,၇၂၅ ဦးက ကင်ဆာရောဂါကြောင့်သေဆုံးပြီး ၆၂၈ ဦးက နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးခဲ့ပါတယ်။

 

ထပ်မံလေ့လာကြည့်ပြီးနောက် ခြုံငုံကြည့်တဲ့အခါ အချိုမပါတဲ့ ကော်ဖီသောက်သုံးသူတွေဟာ ကော်ဖီမသောက်တဲ့သူတွေထက် သေဆုံးနိုင်ချေနည်းပါးခဲ့ပါတယ်။

 

ကော်ဖီ ၁ ခွက်ခွဲမှ ၃ ခွက်ခွဲသောက်သုံးသူများ၊ သကြားပါပါ/မပါပါသောက်သုံးသူများဟာ ကော်ဖီမသောက်တဲ့သူတွေထက် သေဆုံးနိုင်ချေ ၂၉ ရာခိုင်နှုန်းကနေ ၃၁ ရာခိုင်နှုန်းနည်းပါးတာကို တွေ့ခဲ့ရပါတယ်။

 

ကော်ဖီသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ သိပ္ပံနည်းကျဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ လူတွေသိချင်နေတာကို အဖြေမပေးနိုင်သေးပါဘူး။

 

Source: yahoo news
#Yangon_Media_Group