Published 20 August 2021
ဂျာမနီဟာ ကိုဗစ်-၁၉ စတုတ္ထလှိုင်းကို ရှင်းရှင်းလင်းလင်းကြီး စတင်နေပါပြီလို့ နိုင်ငံရဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာဖြစ်တဲ့ ရောဘတ်ခိုးလ် အင်စတီကျူ (အာရ်ကေအိုင်)က ပြောလိုက်ပါတယ်။
 
ဩဂုတ်လလယ်အထိ တစ်ပတ်အတွင်း ပီစီအာရ်စစ်ဆေးမှုနှင့် တွေ့ရတဲ့ ပေါ့စတစ်လူနာအရေအတွက်ဟာ ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်လို့ အာရ်ကေအိုင်က ကြာသပတေးနေ့ညနေခင်းမှာ သတင်းထုတ်ပြန်ပါတယ်။
 
ဂျာမနီနိုင်ငံမှာ ကူးစက်မှုတွေရဲ့ ၉၉ရာခိုင်နှုန်းအထိဟာ ကူးစက်မြန် ဒယ်လ်တာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ အာရ်ကေအိုင်က ပြောပါတယ်။
 
ကူးစက်မှုလှိုင်းအသစ်မှာ အထူးသဖြင့် အထိခိုက်ခံရသူတွေဟာ အသက်ငယ်ရွယ်သူတွေအုပ်စုဖြစ်တယ်လို့ အင်စတီကျုက ပြောပါတယ်။
 
ဂျာမနီမှာ ဇူလိုင်လဆန်းကတည်းက ကူးစက်မှုပမာဏမြင့်မားလာခဲ့ပါတယ်။အထူးသဖြင့် အသက်၁၀နှစ်မှ၄၉နှစ်အကြား တွေဖြစ်တယ်လို့ အာရ်ကေအိုင်က ရှင်းပြထားပါတယ်။
ဂျာမနီရဲ့ ခုနှစ်ရက်တာ ဖြစ်ပွားနှုန်းဟာ လူတစ်သိန်းမှာ ၄၄ဦးပါ။ ဒါပေမယ့် ဒေသအလိုက် အတက်အကျအလွန်များနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆေးရုံတက်နှုန်းကတော့ နည်းနေတုန်းပဲလို့တော့ အင်စတီကျူက ပြောပါတယ်။
 
စတုတ္ထလှိုင်းကို ဦးတည်နေတဲ့ ဂျာမနီမှာ လူဦးရေရဲ့ ၆၃.၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးတစ်ကြိမ်အနည်းဆုံးထိုးထားပြီး ဖြစ်ပါတယ်။ ၅၈.၂ ရာခိုင်နှုန်းကတော့ အပြည့်အဝထိုးနှံပြီးသားဖြစ်ပါတယ်လို့ သတင်းအရသိရပါတယ်။
 
Source: DPA/AFP