Published-20 August 2021
ကုလသမဂ္ဂ ယဉ်ကျေးမှုအေဂျင်စီဖြစ်တဲ့ ယူနက်စကိုက အာဖဂန်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အကာအကွယ်ပေးဖို့ နှင့် ပန်းချီ ပန်းပု အနုပညာရှင်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို အာမခံဖို့ တောင်းဆိုလိုက်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ အာဖဂန်ကို တာလီဘန်တွေ သိမ်းပိုက်အာဏာရယူပြီး ရက်အနည်းငယ် အကြာမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
 
အာဖဂန်နစ္စတန်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာ နှစ်နေရာရှိထားပါတယ်။ အဲဒီထဲမှာ တစ်ခုက ဘာမီယန် တောင်ကြားဖြစ်ပြီး အဲဒီနေရာမှာရှိတဲ့ ဘာမီယန် ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူကို အစ္စလမ်မစ်အုပ်စုတွေ အာဏာက ဖယ်ရှားမခံရခင် ၂၀၀၁ခုနှစ်မတိုင်ခင်မှာ တာလီဘန်တွေက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
 
“ လျင်မြန်စွာဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်တွေနှင့် ဘာမီယန်ဗုဒ္ဓဆင်းတုတော်ကြီးတွေ တမင်ရည်ရွယ်ပြီး ဖျက်ဆီးခံခဲ့ရပြီး အနှစ်၂၀ကြာပြီးနောက် ယူနက်စကိုရဲ့ ညွှန်ကြားရေးမှူးချုပ် အော်ဒရေး အက်ဇိုလေးအနေဖြင့် အာဖဂန်၏ ယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို ထိန်းသိမ်းစောင့်ရှောက်ရန် တောင်းဆိုလိုက်ပါတယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ယူနက်စကိုရဲ့ သဘောထားကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။
 
အာဖဂန်ရဲ့ ကွဲပြားခြားနားတေဲ့ အမွေအနှစ်တွေနှင့် ယဉ်ကျေးမှုဒေသတွေဟာ အာဖဂန်သမိုင်းနှင့် ကိုယ်ပိုင်လက္ခဏာတွေရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ပြီးတော့ လူသားတစ်ရပ်လို့အတွက်လည်း အရေးကြီးပါတယ်” လို့ ယူနက်စကိုက ပြောပါတယ်။
 
“ ဒီအထင်ကရ သမိုင်းမှတ်တိုင်နေရာတွေကို စောင့်ရှောက်ဖို့နှင့် ကာကွယ်ထိန်းသိမ်းဖို့ဟာ အာဖဂန်ရဲ့ အနာဂတ်အတွက် သေရေးရှင်ရေးတစ်မျှ အရေးကြီးပါတယ်” လို့ ယူနက်စကိုက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Source: Reuters