Published 25 May 2022

အမေရိကန် ပြည်ထောင်စု တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ မူလတန်း ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦးက မေလ ၂၄ရက် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ်ရာ ကလေးငယ်(၁၈)ဦးနှင့် လူကြီး(၃)ဦးသေဆုံးခဲ့ရပါတယ်။ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ အရာရှိတွေကပြောပါတယ်။ ဒါဟ  အမေရိကန်ပြည်ထောင်စုမှာ ပျံ့နှံနေတဲ့ လူအမြောက်အများကို သေနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်မှုတွေထဲမှာ နောက်ဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။

သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ် ဆာဗာဒါရာမို့စ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ ပြန်လည်တုန့်ပြန်ရင်း ရဲအရာရှိတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့တ်ကပြောပါတယ်။။ အခင်းဖြစ်ပွားရာမှာ အရာရှိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ သူကဆက်ပြောပါတယ်။

သေနတ်သမားဟာ တစ်ယောက်တည်းကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။

ကလေး(၁၄)ဦးနှင့် ကျောင်းဆရာတစ်ဦးကနဦးသေဆုံးခဲ့ရပြီး နာရီအနည်းငယ်အကြာ အက်ဘော့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တက္ကဆပ်ဆီးနိတ်အမတ်ရိုလန်ဂူတီယာရက်ဇ်က ကလေး၁၈ဦးနှင့်လူကြီး၃ဦးအထိ သေဆုံးသွားပြီလို့  ပြည်နယ်ရဲဌာနကို ကိုးကားပြီး စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။

နယူးယောက်က လူမည်းရပ်ကွက် ဘတ်ဖလိုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ(၁၀)ဦးသေဆုံးခဲ့ရပြီး ၁၀ရက်အကြာမှာ ယခု မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။

အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ တွေ့နေမြင်နေကျလို ဖြစ်လာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယခုနောက်ဆုံးတက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကို လတ်တလော မသိရသေးပါ။

ဆန်အန်တိုနီယိုရဲ့ အနောက်ဖက် မိုင်၈၀ခန့်အကွာမှာရှိတဲ့  တက္ကဆပ်ကယူဗယ်ဒီမြို့  ရော့ဘ်မူလတန်းကျောင်းပစ်ခတ်ခဲ့မှု အခြေအနေ အသေးစိတ်ကို အရာရှိတွေက သိပ်မသိကြသေးဘဲရှိပါတယ်။

သေနတ်သမားဟာ ကားကိုစွန့်ပစ်ထားခဲ့ပြီး ကျောင်းထဲကို ရိုင်ဖယ်သေနတ်ဖြစ်နိုင်တဲ့ သေနတ်ကို ကိုင်ဆောင် ဝင်ရောက်လာခဲ့တယ်လို့ ယုံကြည်ရတယ်လို့ အက်ဘော့က ပြောပါတယ်။

ရာမို့စ်ဟာ မူလတန်းကျောင်းထဲကို သေနတ်နှင့်ဝင်မလာခင် သူ့အဖွားကို အရင်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲသတင်းအရင်းအမြစ်ကို ကိုးကားပြီး စီဘီအက်စ်က သတင်းထုတ်လွှင့်ပါတယ်။

“သူဟာ ကျောင်းကို မဝင်လာခင် သူ့အဖွားကိုပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီပစ်ခတ်မှုနှစ်ခုအကြား ဘယ်လိုချိတ်ဆက်မှုရှိတယ်ဆိုတာကိုတော့ သတင်းအချက်အလက်ထပ်မရသေးပါဘူး” လို့ အက်ဘော့ကပြောပါတယ်။

ဆန်အန်တိုနီယိုတက္ကသိုလ်ဆေးရုံမှာ ပစ်ခတ်မှုကြောင့် လူနာနှစ်ဦးရောက်လာပြီး သူတို့ဟာ အသက်၆၆နှစ်အရွယ် အမျိုးသမီးကြီးနှင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တို့ဖြစ်ပါတယ်။ နှစ်ဦးစလုံးစိုးရိမ်ရတယ်လို့ အဲဒီဆေးရုံက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်အတွက် မေ၂၈ရက် နေဝင်ချိန်အထိ အလံကို တိုင်တစ်ဝက်လွှင့်ထူကြဖို့ အမိန့်ပေးထားပါတယ်။ သူဟာ နိုင်ငံကိုအဲဒီကိစ္စမိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်တွေဟာ ဒုတိယတန်း၊တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူတွေဖြစ်တယ်လို့  ယူဗယ်ဒီကျောင်းခရိုင်ရဲမှူး ပီတီ အာရက်ဒွန်ဒိုကပြောပါတယ်။ အမေရိကန်ကျောင်းတွေမှာ အဲဒီအတန်းတက်နေတဲ့ကလေးတွေဟာ အသက်အရွယ်အားဖြင့် ၇နှစ်ကနေ ၁၀နှစ်အကြား ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။

Source Reuters