Published 20 May 2022

မိုးလေဝသပညာရှင်တွေက ရေလွှမ်းမိုးမှုတွေဖြစ်မယ်လို့သတိပေးထားတဲ့အတိုင်း အိန္ဒိယနိုင်ငံ နေရာအတော်များများမှာ ဗုဒ္ဓဟူးနေ့က ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့်  ရေကြီးပြီးမြေပြိုမှုတွေဖြစ်ခဲ့လို့ အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံးလူ(၁၀)ဦး သေဆုံးခဲ့ရပါတယ်။

ကမ္ဘာ တစ်လွှားမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ရာသီဥတုတွေဟာ ရေကာတာတည်ဆောက်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် အလွန်အကျွံဖြစ်နေတဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတွေကြောင့် တောင်အာရှမှာပိုဆိုးမယ်လို့ ပညာရှင်တွေက သတိပေးထားတာပါ။

အာသံနှင့် အခြား အရှေ့မြောက်ပြည်နယ်တွေ၊တောင်ပိုင်းက တမီနာဒူး၊ကာနက်တာကာနှင့် ကာရာလာပြည်နယ်တွေမှာ  မိုးသည်ထန်လိမ့်မယ်လို့ မိုးဇလဌာနက ဆက်တိုက် သတိပေးထားပါတယ်။

မုတ်သုန်ရာသီမရောက်ခင်မှာ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ဗုဒ္ဓဟူးနေ့က အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ အနည်းဆုံးလူရှစ်ဦးသေဆုံးခဲ့ရပြီး လူပေါင်း ရှစ်သန်းကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒီမာဟာဆောင်ခရိုင်က အစွန်အဖျားရွာကလေးတစ်ရွာမှာ မြေပြိုမှုဖြစ်တဲ့အတွက် အိမ်တစ်အိမ်ဟာမြေကြီးအောက်‌ ရောက်သွားပြီး လူလေးဦးသေဆုံးခဲ့ရပါတယ်။ မြေပြိုမှုကြောင့် ရထားလမ်းကိုလည်းပိတ်ဆို့မှုဖြစ်ပြီး အဲဒီဒေသကို ကယ်ဆယ်ရေးပစ္စည်းတွေပိုဆောင်ပေးဖို့ ခက်ခဲနေပါတယ်။

ပတ်ဝန်းကျင်တောင်တန်းတွေက ကျလာတဲ့ ရွံ့နွံတွေကြောင့် ရထားတစ်စီး လမ်းချော်ခဲ့ရပါတယ်။

ရွာသား ၃၀၀ခန့်ကို ကယ်ထုတ်ခဲ့ရတယ်လို့လည်း အိန္ဒိယစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

တောင်ပိုင်း ကာနာတာကာပြည်နယ်မှာ အင်္ဂါ်နေ့က အနည်းဆုံးလူနှစ်ဦးသေဆုံးခဲ့ရတယ်လို့ မီဒီယာတွေကပြောပါတယ်။

မိုးစရွာနေချိန်မှာ ဘင်ဂါလာရုမှာရှိတဲ့ ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုထဲ ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရေတွေမြင့်တက်လာတာကို လွတ်အောင် မရှောင်နိုင်ခဲ့ကြဘူး လို့ အိန္ဒိယ အိတ်စ်ပရက်စ်က ရေးသားခဲ့တာဖြစ်ပါတယ်။

Source AFP