#WorldHealth
Published 15 May 2022

 

အကိုက်အခဲပျောက်ဆေးများသုံးစွဲလေ့ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ မွေးဖွားတဲ့အခါဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ပါရာစီတမော၊ အိုင်ဗျူပရိုဖန်တို့လို အကိုက်အခဲပျောက်ဆေးများသုံးစွဲတဲ့ကိုယ်ဝန်ဆောင်တွေမှာ လမစေ့ဘဲမွေးဖွားခြင်းမျိုးနဲ့ ကလေးအသေမွေးခြင်းမျိုး ဖြစ်နိုင်ချေများကြောင်း အဘာဒင်းတက္ကသိုလ်မှသုတေသီများက တွေ့ရှိခဲ့ပါတယ်။

 

ကိုယ်ဝန်ဆောင်ကာလအတွင်း လူသုံးများတဲ့အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကို သုံးစွဲခဲ့တဲ့အမျိုးသမီးတွေမှာ လမစေ့ဘဲမွေးဖွားခြင်းမျိုး ၅၀ ရာခိုင်နှုန်းဖြစ်ပေါ်နိုင်ချေရှိပါတယ်။

 

ပြီးခဲ့တဲ့ဆယ်စုနှစ် ၃ ခုအတွင်း ကိုယ်ဝန်သည်အယောက် ၁ သိန်းခွဲကျော်ကိုစောင့်ကြည့်လေ့လာခဲ့ရာမှာ ကလေးအသေမွေးခြင်းဖြစ်နိုင်ချေက ၃၃ ရာခိုင်နှုန်းရှိနေပါတယ်။

 

ကိုယ်ဝန်ဆောင်တဲ့အခါ အဖျားတက်ခြင်း၊ အဆစ်အမြစ်နာခြင်း စတဲ့ဝေဒနာများသက်သာစေဖို့အတွက် ၁၀ ယောက်မှာ ၈ ယောက်လောက်က အကိုက်အခဲပျောက်ဆေးသောက်သုံးကြပါတယ်။

 

ကိုယ်ဝန်ဆောင်တွေမှာ အကိုက်အခဲပျောက်ဆေးသုံးခြင်းက စိတ်ချရလား စိတ်မချရဘူးလားဆိုတာ အငြင်းပွားနေကြဆဲဖြစ်ပါတယ်။

 

NHS က ပါရာစီတမောကို ကိုယ်ဝန်သည်များအတွက် ပထမဦးစားပေးအကိုက်အခဲပျောက်ဆေးလိုသတ်မှတ်ထားပေမယ့် ရောင်ရမ်းခြင်းသက်သာစေတဲ့ အိုင်ဗျူပရိုဖန်နဲ့ အက်စ်ပရင်ပမာဏများပြားစွာအသုံးပြုခြင်းကိုတော့ သတိပေးထားပါတယ်။

 

လက်ရှိအကြံပြုလမ်းညွှန်ချက်တွေက ပြုပြင်ပြောင်းလဲဖို့လိုအပ်နေကြောင်း အဘာဒင်းတက္ကသိုလ်မှသုတေသီများက တိုက်တွန်းနေပါတယ်။

 

လေ့လာမှုပြုလုပ်ရာမှာ ပါရာစီတမော၊ အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ဒိုင်ကလိုဖန်နက်၊ နာပရိုဇန်ဆေးတွေကိုအသုံးပြုခဲ့ကြတဲ့ အမျိုးသမီးတွေကို လေ့လာမှတ်ချက်ပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ပါရာစီတမောက ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘေးကင်းစိတ်ချရတယ်လို့ သတ်မှတ်လို့ရပါတယ်။

 

ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလ ၃၀ ပတ်ကျော်လာရင်တော့ အက်စ်ပရင်ပမာဏများများသုံးစွဲခြင်းက သန္ဓေသားရဲ့သွေးလည်ပတ်မှုကို ထိခိုက်စေတာကြောင့် သုံးစွဲဖို့အကြံမပြုထားပါဘူး။

 

ကျန်တဲ့ဆေး ၃ မျိုးကလည်း ကလေးရဲ့သွေးလည်ပတ်မှုနဲ့ ကျောက်ကပ်တိုကိုထိခိုက်စေတာကြောင့် မသုံးစွဲသင့်ပါဘူး။

 

၂၀၀၈ မှ ၂၀၁၅ ခုနှစ်ကြားလေ့လာချက်မှာ ကိုယ်ဝန်ဆောင်ကာလအတွင်း အကိုက်အခဲပျောက်ဆေးသုံးစွဲတဲ့အမျိုးသမီးတွေက ၆၀ ရာခိုင်နှုန်းလောက်ရှိလာပါတယ်။

 

ထိုထဲမှာမှ ၅ ယောက်မှာ ၁ ယောက်က ဘေးထွက်ဆိုးကျိုးခံစားရတတ်ပြီး မွေးဖွားမှုခက်ခဲခြင်းက ၂၈ ရာခိုင်နှုန်းများလာပါတယ်။

 

မွေးဖွားပြီးရက်ပိုင်းအတွင်း ကလေးသေဆုံးမှုနှုန်းက ၅၀ ရာခိုင်နှုန်းအထိရှိလာပါတယ်။
ပါရာစီတမောနဲ့ အခြားအကိုက်အခဲပျောက်ဆေးတွေ တွဲစပ်သုံးစွဲခြင်းက အန္တရာယ်အများဆုံးအခြေအနေဖြစ်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

 

Source: DailyMail.
#Yangon_Media_Group