#WorldSociety
Published 11 May 2022

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်’အီလွန်မက်စ်’က တွစ်တာကို အပြီးသတ်ဝယ်ယူပြီးတဲ့အခါကျရင် အမေရိကန်သမ္မတဟောင်း’ဒေါ်နယ်ထရမ့်’အား တွစ်တာသုံးစွဲခွင့်ပိတ်ပင်ထားခြင်းမှ ပြန်လည်အသုံးပြုခွင့်ပေးသွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

 

လျှပ်စစ်ယာဉ်ထုတ်လုပ်ရေး Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့’မက်စ်’ဟာ တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီထားပြီဖြစ်ပါတယ်။

 

သူ့ကိုယ်သူ လွတ်လပ်စွာပြောဆိုပိုင်ခွင့်အား အကြွင်းမဲ့ယုံကြည်သူအဖြစ် ခံယူထားပေမယ့် အစီအစဉ်အတိအကျကိုတော့ ထုတ်ဖော်သွားခြင်းမရှိပါဘူး။

 

တွစ်တာနဲ့သဘောတူညီချက်ရယူအပြီးမှာ တွစ်တာရဲ့ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်လာဖို့ ‘မက်စ်’က မျှော်မှန်းထားကြောင်း ခိုင်မာတဲ့သတင်းအရင်းအမြစ်တစ်ခုကနေ ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။

‘ထရမ့်’ကို တွစ်တာသုံးစွဲခွင့်ပြန်လည်ခွင့်ပြုခြင်းက ‘မက်စ်’အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ ပြုလုပ်သွားမလဲဆိုတာကို စတင်စမ်းသပ်လိုက်တာ ဖြစ်နိုင်ပါတယ်။

 

သတင်းအမှားလွှင့်ပြီး နိုင်ငံရေးမူဝါဒချိုးဖောက်နေတဲ့ လူတွေနဲ့ အကြမ်းဖက်မှုအားပေးသူများကို တွစ်တာနဲ့ အမေရိကန်အခြေစိုက်ဆိုရှယ်မီဒီယာအဖွဲ့အစည်းတွေက အကောင့်သုံးစွဲခွင့်ပိတ်ပင်လေ့ရှိပါတယ်။

 

တွစ်တာပေါ်မှာ သတင်းမှားသတင်းလွဲတွေ ရေးသားတင်ဆက်ခြင်းကို ဖျက်ပစ်သင့်ပြီး အကောင့်ယာယီဆိုင်းငံ့ခြင်းမျိုးသာ လုပ်ဆောင်သင့်ကြောင်း၊ ရာသက်ပန်ပိတ်ပင်ခြင်းမျိုးက တွစ်တာအပေါ်ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း ‘မက်စ်’ကဆိုပါတယ်။

‘ထရမ့်’ကို တွစ်တာသုံးစွဲခွင့်ပိတ်ပင်ခြင်းက နိုင်ငံရေးလွတ်လပ်ခွင့်အရ လူအများကြား ‘ထရမ့်’ရဲ့အမြင်သဘောထားတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြောပြသွားပါတယ်။

တွစ်တာမှာထောက်ခံသူ ၈၈ သန်းကျော်ရှိခဲ့တဲ့’ထရမ့်’အကောင့်ကို သမ္မတသက်တမ်း မကုန်ခင်ရက်ပိုင်းမှာ ခေတ္တဆိုင်းငံ့ခဲ့ပြီး လူမှုကွန်ရက်တွေအနေနဲ့ ဩဇာအာဏာကြီးမားတဲ့ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အကောင့်တွေကို ဘယ်လိုထိန်းချုပ်အကဲဖြတ်သင့်လဲဆိုတာ အငြင်းပွားနေခဲ့ကြပါတယ်။

 

၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် ‘ထရမ့်’ကို ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။

 

နောက်ထပ်အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် ပိတ်ပင်ဖို့ဆုံးဖြတ်ခဲ့ကြောင်း တွစ်တာက ဆိုခဲ့ပါတယ်။

 

ဆင်းရဲခြင်းတိုက်ဖျက်ရေး တောင်ပိုင်းစင်တာမှ ‘မီဂန်စကွိင်းယား’က ဒီလိုလူမှုကွန်ရက်တွေကနေ ဖယ်ရှားလိုက်ခြင်းက အကြမ်းဖက်သတင်းလွဲတွေဖြန့်ဝေခြင်းအား လျှော့ချနိုင်မှာဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။

 

အီးယူက အငြင်းပွားဖွယ်ရာအကြောင်းအရာတွေကို ထိန်းချုပ်ရာမှာ သူတို့မူဝါဒ သဘောအတိုင်း လိုက်လံတိုင်းတာညှိနှိုင်းနေခဲ့ကြောင်း ‘မက်စ်’က အီးယူအရာရှိတစ်ဦးကို တနင်္လာနေ့က ပြောပြခဲ့ပါတယ်။

 

အမှန်တရားကို လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်အား ဖိနှိပ်နေတဲ့တွစ်တာကို ကွန်ဆာဗေးတစ်သမားတွေက ဝေဖန်ခဲ့ပြီး ‘ထရမ့်’အား ပြန်လည်အသုံးပြုခွင့်ပေးခြင်းအပေါ် ကြိုဆိုလိုက်ပါတယ်။

ယင်းအခြေအနေက ဒီမိုကရေစီစနစ်အား ခြိမ်း‌‌ခြောက်လာနိုင်ကြောင်း ဒီမိုကရက်တစ်အဖွဲ့ဝင်တွေက ဆိုပါတယ်။

 

‘ထရမ့်’ကတော့ တွစ်တာက ပြန်လည်သုံးစွဲခွင့်ပြုမယ်ဆိုရင်တောင် အသုံးပြုတော့မှာ မဟုတ်ကြောင်း Fox News ကို ပြောကြားသွားပါတယ်။

 

‘ထရမ့်’ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သူကိုယ်တိုင်တည်ထောင်ထားတဲ့ Truth Social လူမှုကွန်ရက်အက်ပ်လီကေးရှင်းကို Apple app store မှာ စတင်တင်ပြခဲ့ပါတယ်။

 

‘ဂျိုးဘိုင်ဒန်’အုပ်ချုပ်ရေးအဖွဲ့က အွန်လိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်အား ကာကွယ်ပေးချင်သလို သတင်းမှားတွေ မတင်မိစေဖို့လည်း သတိပေးထားပါတယ်။

 

Source: Reuters
#Yangon_Media_Group