#HealthTechnology
Published 05 May 2022


အယ်လ်ဇိုင်းမားရောဂါနဲ့ အခြားအာရုံကြောဆိုင်ရာလက္ခဏာများကို ရှာဖွေတွေ့ရှိနိုင်မယ့် စမတ်ဖုန်းအက်ပ်(Smartphone app)တစ်ခုကို သိပ္ပံပညာရှင်များက တီထွင်ထုတ်လုပ်လိုက်ပါတယ်။

 

အဆိုပါအက်ပ်ဟာ ဖုန်းရဲ့ဆယ်လ်ဖီကင်မရာကနေ မျက်လုံးထဲကသူငယ်အိမ်အရွယ်အစားပြောင်းလဲပုံကို စစ်ဆေးပြီးနောက် လူတစ်ယောက်ရဲ့အသိဉာဏ်လက္ခဏာအခြေအနေကို အကဲဖြတ်ပေးနိုင်တယ်လို့ ကယ်လီဖိုးနီးယားဆန်ဒီယေဂိုတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့ပါတယ်။

 

အယ်လ်ဇိုင်းမားရောဂါဟာ အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အို သန်းပေါင်းများစွာမှာ ဖြစ်ပေါ်နေတဲ့ရောဂါဖြစ်ပြီး အဆိုပါရောဂါကို အလွယ်တကူစမ်းသပ်သိရှိနိုင်မယ့် နည်းလမ်းမရှိသေးပါဘူး။

 

"ဒီအက်ပ်နဲ့ပတ်သက်ပြီး လုပ်စရာတွေကျန်သေးတယ်ဆိုပေမယ့် ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးရတဲ့ အာရုံကြောစနစ်ကို အိမ်မှာတင်စမ်းသပ်လို့ရမယ့် နည်းပညာရရှိတော့မှာကို စိတ်လှုပ်ရှားမိပါတယ်" လို့ စာတမ်းပြုစုသူ'ကောလင်းဘယ်ရီ'က ပြောပြပါတယ်။

 

မျက်လုံးသူငယ်အိမ်က မျက်လုံးအလယ်မှာရှိတဲ့ အနက်ရောင်အဝိုင်းလေးဖြစ်ကာ အလင်းရောင်ဝင်လာစေပြီး မြင်လွှာကို ထိန်းညှိပေးတာဖြစ်ပါတယ်။

 

သူငယ်အိမ်အရွယ်အစားက လူတစ်ယောက်ရဲ့အာရုံကြောလုပ်ဆောင်ပုံတွေကို သိရှိစေနိုင်ကြောင်း သုတေသနလုပ်ငန်းတွေ စမ်းသပ်ဖူးပါတယ်။

 

ဥပမာအားဖြင့် လူတစ်ယောက်က ခက်ခဲတဲ့ဦးနှောက်သိရှိနိုင်မှု အလုပ်မျိုး ဒါမှမဟုတ် အမှတ်မထင်အသံမျိုးကြားရတဲ့အခါ သူငယ်အိမ်အရွယ်အစားကျယ်လာတတ်ပါတယ်။

 

သူငယ်အိမ်အရွယ်အစားတိုင်းတာဖို့အတွက် သူငယ်အိမ်တုန့်ပြန်မှုစမ်းသပ်နည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေက စမ်းသပ်ပေးလေ့ရှိပါတယ်။

 

ဒီစမ်းသပ်ချက်ကို ဓာတ်ခွဲခန်းနဲ့ဆေးခန်းတွေမှာသာ ပြုလုပ်နိုင်ပြီး အကုန်အကျများတဲ့ပစ္စည်းနည်းပညာများ လိုအပ်ပါတယ်။

 

အခုလေ့လာချက်မှာတော့ ပိုမိုလွယ်ကူပြီး ဈေးသက်သာစေမယ့် စမ်းသပ်နည်းကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

 

အက်ပ်အသုံးပြုရာမှာ စမတ်ဖုန်းက အနီအောက်ရောင်ခြည်ကင်မရာကနေ သူငယ်အိမ်ကိုဖတ်ရှုပြီး မီလီမီတာအရွယ်အစားအထိ အသေးစိတ်တွက်ချက်ပေးပါတယ်။

 

OnePlus 8 Pro, iPhone X နဲ့နောက်ပိုင်း iPhone များ၊ Samsung Galaxy S8 နဲ့နောက်ပိုင်းစီးရီးတွေမှာ အနီအောက်ရောင်ခြည်ကင်မရာများ ပါဝင်ပြီး မျက်နှာဖတ်ရှုစစ်ဆေးရာမှာ အသုံးပြုလေ့ရှိပါတယ်။

 

ဒါ့အပြင် ဒီအက်ပ်ကို လူကြီးသူမတွေပါ အလွယ်တကူအသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။
ကင်မရာချိန်ရာမှာ တိကျမှန်ကန်အောင် ညွှန်ကြားချက်ပေးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

 

အခုဆိုရင် သက်ကြီးရွယ်အိုတွေမှာ သိရှိနိုင်မှုစွမ်းရည်ချို့ယွင်းမှုတွေကို ရှာဖွေဖို့နဲ့ အယ်လ်ဇိုင်းမားရောဂါအစောပိုင်းအဆင့်တွေကို ရှာဖွေရာမှာ ဘယ်လောက်အထိ ထိရောက်မှုရှိသလဲဆိုတာတွေကိုသိရှိဖို့ စမ်းသပ်နေကြပါတယ်။


Source: DailyMail.
#Yangon_Media_Group