Published 5 May 2022
ဆက်လက်ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း အကြပ်အတည်းနှင့်အတူ ကမ္ဘာ့တစ်လွှားက နိုင်ငံအများအပြားဟာ ၂၀၂၂ခုနျစ်မှာ ပိုပြီးပြင်းထန်တဲ့ စားနပ်ရိက္ခာပြတ်လတ်မှုတွေနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး ဝင်ငွေနိမ့်နိုင်ငံတွေဟာ အကြီးမားဆုံးရိုက်ခတ်မှု ရှိလာလိမ့်မယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စားနပ်ရိက္ခာ ဈေးနှုန်းတွေဟာ တစ်ခါမှမရှိဘူးတဲ့ ဈေးတွေအထိမြင့်တက်လာပြီး ကမ္ဘာကြီးဟာ မကြုံစဖူးသော အငတ်ဘေးအကြပ်အတည်းနှင့် ကြုံရမှာဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထောက်ပြပါတယ်။ သန်းပေါင်းများစွာသော ဘဝတွေနှင့်အသက်မွေးဝမ်းကျောင်းမှုတွေဟာ မသေချာမရေရာမှုတွေနှင့် ဖြစ်ကျန်ရစ်လိမ့်မယ်လို့လည်း သူကပြောပါတယ်။

ယူကရိန်းရဲ့အခြေအနေဟာ စားနပ်ရိက္ခာ၊စွမ်းအင်နှင့် ဘဏ္ဍာငွေပေကြး အကျပ်အတည်းတွေကို  ပိုမိုဆိုးရွားလာစေပြီး အဲဒါတွေက ကမ္ဘာပေါ်က ခိုကိုးရာအမဲ့ဆုံးနိုင်ငံတွေကို အကြီးအကျယ်ထိခိုက်လာစေလိမ့်မယ်လို့လည်း သူကဆက် ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် အက်ဖ်အေအိုတို့ အပါအဝင် ကုလအေဂျင်စီ၁၇ခုရဲ့ အဲဒီပူးတွဲအစီရင်ခံစာဟာ ၂၀၂၁ခုနှစ်အတွင်း နိုင်ငံပေါင်း ၅၃နိုင်ငံကို ခြုံငုံထားပြီး နိုင်ငံပေါင်း ၄၁နိုင်ငံရဲ့ ၂၀၂၂ အခြေအနေကို ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၅၃နိုင်ငံမှာရှိတဲ့ လူဦးရေ ၁၉၃သန်းဟာ စားနပ်ရိက္ခာလုံခြုံမှုအတွက် အန္တရာယ်ကြုံတွေ့ခဲ့ရပြီး ၂၀၂၂ခုနှစ်မှာ ပိုဆိုးလာပါတယ်။ ၂၀၂၂ခုနှစ်မှာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးဟာ ပိုဆိုးရွားလာမယ်လို့‌ မျှော်လင့်ထားကြ ပါတယ်။

ရုရှားနှင့်ယူကရိန်းရဲပ ပဋိပက္ခဟာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအခြေအနေကို ပိုလျော့ပါးသွားစေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

လက်ရှိပဋိပက္ခဟာ ကမ္ဘာ့ကြွယ်ဝမှုအနည်းဆုံးနိုင်ငံအချို့ဟာ စားနပ်ရိက္ခာလုံခြုံရေးကို အကြီးအကျယ် သက်ရောက်မှု ရှိလိမ့်မယ်လို့ ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ်ရဲ့ စီးပွားရေးပညာရှင်ချုပ် အာရစ်ဟူစိန်က ပြောပါတယ်။

ယူကရိန်းကနေ ဂျုံစပါးတွေနှင့် ကုန်စည်တွေ သိပ်ထွက်လာစရာမရှိဘူး။ ရုရှားကနေ ကုန်စည်တွေထွက်လာပေမယ့် ဈေးတွေကြီးနေလိမ့်မယ် လို့လည်း သူကပြောပါတယ်။

တကယ်လို့ ခင်ဗျားက ဝင်ငွေနိမ့်နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အလယ်အလတ်ဝင်ငွေရှိနိုင်ငံတစ်နိုင်ငံမှာ နေတယ်ဆိုရင်  ခင်ဗျားဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းကို စားနပ်ရိက္ခာအတွက်အကုန်အကျခံနေတယ်ဆိုပါစို့။ အစားအစာဈေးတွေက ချက်ခြင်းကြီး ဈေးကြီးလာတယ်။ ဒါဟာ ကမ္ဘာ့နေရာတော်တော်များများမှာ ကျွန်တော်တို့ကြုံတွေ့နေကြရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ရေရှည်အနေနှင့်စိတ်ပူစရာက ယူကရိန်းဟာ ဓာတ်မြေဩဇာ အဓိကတင်ပို့တဲ့နိုင်ငံဖြစ်လို့ လက်ရှိအကျပ်အတည်းဟာ တစ်ကမ္ဘာလုံးမှာ ဓါတ်မြေဩဇာ အကျပ်အတည်းဖြစ်လာနိုင်စေပြီး လာမယ့် စိုက်ပျိုးရာသီတွေမှာ အကြီးအကျယ် ရိုက်ခတ်မှုတွေဖြစ်လာလိမ့်မယ်လို့ သူကဆက်ပြောပါတယ်

Source CMG