Published-1 4 August 2021
အိုလံပစ်ရွှေတံဆိပ်ရ ဂျပန်နိုင်ငံရဲ့ ဆော့ဖ်ဘော အသင်းသူတစ်ဦးရဲ့ ရွှေဆုတံဆိပ်ကို အသစ်တစ်ခုနှင့် လဲလှယ်ရရှိတော့မှာ ဖြစ်ပါတယ်။ သူမရဲ့ဆုတံဆိပ်မူရင်းကို မြို့တော်ဝန်က အခမ်းအနားတစ်ခုမှာ ကိုက်ဝါးပြလိုက်တဲ့အတွက် အခုလို တိုကျို၂၀၂၀အိုလံပစ်ကျင်းပရေးအဖွဲ့ က အသစ်တစ်ခုနှင့်အစားထိုးပြန်လဲပေးရတာပါ။ အဲဒီအပြအမူအပေါ် အုတ်အော်သောင်းသဲ ကန့်ကွက်သံတွေညံခဲ့ရတာပါ။
ပြီးခဲ့တဲ့အပတ်က တိုကျိုအိုလံပစ်အားကစားပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ မီယူဂိုတိုရဲ့အောင်မြင်မှုကို ဂုဏ်ပြုတဲ့ပွဲတစ်ခု နာဂိုယာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ နာဂိုယာမြို့တော်ဝန် တာကာရှီကာဝါမူယာက သူ့ရဲ့ mask ကိုချွတ်လိုက်ပြီး သူ့သွားတွေနှင့် ကိုက်ခဲ့တာပါ။
သူက အိုလံပစ်ကြီးမှူးကျင်းပသူတွေက တွစ်တာမှာ “ တိုကျို၂၀၂၀ ဆုတံဆိပ်တွေဟာ စားလို့ မရဘူးဆိုတာ အားလုံးကို တရားဝင်ကြေညာပါတယ်။ အဲဒီဆုတံဆိပ်တွေကို ဂျပန်ပြည်သူတွေလှူထားတဲ့ ပြန်လည်အသုံးပြု စွန့်ပစ်အီလက်ထရွန်းနစ်ပစ္စည်းတွေနှင့်လုပ်ထားတာပါ။အဲဒါကြောင့် အဲဒါတွေကို ကိုက်ဖို့မလိုပါ။ဒါပေမယ့် ခင်ဗျားတို့ကတော့ ကိုက်ကြမှာပဲဆိုတာ ကျွန်တော်တို့သိပါတယ်” လို့ ရွှင်မြူးစရာ ကြေညာခဲ့တာပါ။
ဆုတံဆိပ်ကိုသွားနှင့်ကိုက်ကြတာက အားကစားသမားတွေ လုပ်နေကြဖြစ်ပါတယ်။
“ နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ထောက်ခံအားပေးမှုနှင့် သူမရဲ့ ကိုယ်ပိုင်ဆန္ဒအရ မစ်(စ)ဂိုတိုရဲ့ ဆုတံဆိပ်ကို အသစ်တစ်ခုနှင့် လဲပေးမှာဖြစ်ပါတယ်” လို့ တိုကျို၂၀၂၀ အိုလံပစ်ပွဲကျင်းပသူတွေက ပြောပါတယ်။ နိုင်ငံတကာ အိုလံပစ်ကော်မတီက ကုန်ကျစရိတ်ခံပေးမှာဖြစ်ပါတယ်။
မြို့တော်ဝန်ဟာ သူ့ရဲ့အပြူအမူကြောင့် ဆိုရှယ်မီဒီယာတွေကနေ ပြစ်တင်ဝေဖန်မှုလှိုင်းကြီး အပုတ်ခံခဲ့ရပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကျင့်ဝတ်စည်းကမ်းကို အရေးမလုပ်ဘဲ သူမရဲ့စွမ်းဆောင်မှုကိုလည်း မလေးမစားလုပ်ခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဂိုတိုကစားနေတဲ့ ရက်တာရီယာ ဆော့ဖ်ဘော အသင်းကို ပိုင်ဆိုင်တဲ့ တိုရိုတာကားကော်ပိုရေးရှင်းက တောင် မြို့တော်ဝန်ကို ပြစ်တင်မောင်းမဲတာတွေ မလုပ်စဖူးလုပ်ခဲ့ပါတယ်။
“ ကျွန်တော့်ကိုယ်ကျွန်တော် နာဂိုယာမြို့တော်ဝန်ဆိုတာမေ့သွားတယ်။ အလွန့်အလွန်မလျော်မကန်တဲ့ အပြအမူလုပ်မိခဲ့ပါတယ်” ဆိုပြီး မြို့တော်ဝန်က ရုပ်မြင်သံကြား ထုတ်လွှင့်တောင်းပန်ခဲ့ပါတယ်။
Source: Reuters သတင်းပေးပို့ချက်များ