#WorldHealth
Published 03 May 2022

 

တရုတ်ကုမ္ပဏီ Suzhou Abogen Biosciences မှ စမ်းသပ်ထုတ်လုပ်လျက်ရှိတဲ့ အိုမီခရွန်သီးသန့် mRNA ကိုဗစ်ကာကွယ်ဆေးကို ယူအေအီးနိုင်ငံမှာ လက်တွေ့စမ်းသပ်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီကသောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကုမ္ပဏီနဲ့ မိုဒါနာကုမ္ပဏီတိုကလည်း အိုမီခရွန်ကိုကာကွယ်နိုင်အောင် ပြုပြင်ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးများကို စမ်းသပ်ခွင့်ရရှိထားပြီဖြစ်ပြီး အခုဆိုရင် Abogen ကုမ္ပဏီရဲ့ကာကွယ်ဆေးပါ ပါဝင်လာတာဖြစ်ပါတယ်။

 

အလွန်ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ လက်ရှိကိုဗစ်ကာကွယ်ဆေးတွေကရရှိတဲ့ ပဋိပစ္စည်း(antibody)များကို ခုခံနိုင်စွမ်းမြင့်မားနေပါတယ်။

 

တရုတ်ပြည်မကြီးရှိလူဦးရေ ၁.၄ ဘီလီယံမှာ ၈၈ ရာခိုင်နှုန်းကျော်လောက်က mRNA အမျိုးအစားမဟုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားကြတာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာ နိုင်ငံခြားထုတ်ကိုဗစ်ကာကွယ်ဆေးတွေကို အသိအမှတ်မပြုထားဘဲ အသုံးအများဆုံးတရုတ်နိုင်ငံထုတ်ကာကွယ်ဆေးတွေဖြစ်တဲ့ Sinopharm နဲ့ Sinovac တို့ဟာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်နဲ့ မိုဒါနာ mRNA ကာကွယ်ဆေးတွေလောက် ကိုဗစ်ရောဂါကိုထိရောက်စွာမကာကွယ်နိုင်ကြောင်း အချက်အလက်တွေမှာတွေ့ရှိထားပါတယ်။

Abogen ကုမ္ပဏီအနေနဲ့ ယူအေအီးအပြင် တရုတ်နဲ့ အခြားနိုင်ငံတွေမှာ အိုမီခရွန်ကာကွယ်ဆေးကိုစမ်းသပ်ခွင့်ရဖို့ ဆက်သွယ်နေပါတယ်။

 

သက်မဲ့ကိုရိုနာဗိုင်းရပ်စ်ပါဝင်ပြီး Sinopharm မှ ထုတ်လုပ်တဲ့ အိုမီခရွန်သီးသန့်ကာကွယ်ဆေးနှစ်မျိုးနဲ့ Sinovac မှ အိုမီခရွန်သီးသန့်ကာကွယ်ဆေးတို့ကို ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတို့မှာစမ်းသပ်ဖို့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။

 

ယူအေအီးမှ တာဝန်ရှိသူတွေ Sinopharm ရဲ့ အိုမီခရွန်သီးသန့်ကာကွယ်ဆေး တတိယတစ်မျိုးကို စမ်းသပ်ခွင့်ပြုထားပြီဖြစ်သလို သက်မဲ့ဗိုင်းရပ်စ်အမျိုးအစား အိုမီခရွန်သီးသန့်ကာကွယ်ဆေးနှစ်မျိုးကိုလည်း စမ်းသပ်ခွင့်ပြုထားကြောင်း Sinopharm လက်ခွဲကုမ္ပဏီ China National Biotec Group က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

Source: Reuters.
#Yangon_Media_Group