#WorldMilitary
Published 21 April 2022

 

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာတာ အချိန်နှစ်လကြာမြင့်လာပြီဖြစ်တဲ့ရုရှားက နျူကလီးယားတိုက်ချင်းပစ်ဒုံးကျည်အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး သူတို့ရဲ့ စစ်ရေးလက်နက်စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပါတယ်။

 

ရုရှားသမ္မတ 'ဗလာဒီမီယာပူတင်'က ရုရှားရန်ဘက်တွေအနေနဲ့ ဒီလက်နက်စွမ်းအားကိုကြည့်ပြီး တွေဝေပူပန်နေရတော့မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

 

စမ်းသပ်ပစ်လွှတ်နိုင်ဖို့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရတဲ့ 'ဆာမတ်'ဒုံးကျည်ကို ရုရှားနိုင်ငံအနောက်မြောက်ဘက် ပလဲဆက်ခ်ဒေသကနေပစ်လွှတ်ခဲ့ပြီး ၆,၀၀၀ ကီလိုမီတာနီးပါးကွာဝေးတဲ့ ကမ်ချက်ကာကျွန်းဆွယ်ရှိ ပစ်မှတ်တွေကို ထိရောက်အောင်ပစ်ခတ်နိုင်ခဲ့ပါတယ်။

 

ဆာမတ်ဒုံးကျည်ကို စမ်းသပ်ထုတ်လုပ်လာတာ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်တာကြောင့် အနောက်နိုင်ငံအတွက် အံ့အားသင့်စရာမဟုတ်ခဲ့ပေမယ့် ပထဝီနိုင်ငံရေးတင်းမာမှုမြင့်မားနေတဲ့အချိန်ဖြစ်နေတာက စဉ်းစားစရာဖြစ်နေပါတယ်။

 

"ယခုလက်နက်အသစ်ဟာ နည်းပညာပိုင်းနဲ့ နည်းဗျူဟာပိုင်းအဆင့်အမြင့်ဆုံးလက်နက်ဖြစ်ပြီး ခေတ်ပေါ်ဒုံးကျည်ဖျက်ကာကွယ်ရေးစနစ်အားလုံးကိုလည်း ကျော်ဖြတ်နိုင်စွမ်းရှိပါတယ်။ ဒီလက်နက်နဲ့ပုံစုံတူတာမျိုး ကမ္ဘာပေါ်မှာမရှိသေးသလို အချိန်အတော်ကြာတဲ့အထိ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ဒီလို ပြိုင်ဘက်ကင်းလက်နက်ထုတ်လုပ်နိုင်တာကြောင့် ရုရှားစစ်တပ်အင်အားပိုမိုတောင့်တင်းစေမှာဖြစ်ပြီး နိုင်ငံ့လုံခြုံရေးကိုခြိမ်းခြောက်လာတဲ့ ပြင်ပရန်တွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်" လို့ 'ပူတင်'က ဆိုပါတယ်။

 

ယူကရိန်းကို စတင်ကျူးကျော်ခဲ့စဉ်ကလည်း ရုရှားတို့ရဲ့ နျူကလီးယားလက်နက်အင်အားအကြောင်းကို 'ပူတင်' ရည်ညွှန်းပြောဆိုခဲ့ဖူးပြီး ရုရှားလမ်းစဉ်ကို ဝင်ရောက်နှောင့်ယှက်ပါက တစ်ခါမှမကြုံဖူးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရလိမ့်မယ်လို့ အနောက်နိုင်ငံကို သတိပေးခဲ့ပါတယ်။

 

အဲဒီနောက် နျူကလီးယားလက်နက်တပ်ဖွဲတွေကို အထူးတပ်လှန့်ထားဖို 'ပူတင်'ကအမိန့်ပေးခဲ့ပါတယ်။
"အရင်ကနျူကလီးယားစစ်ပွဲတွေဖြစ်ပွားမယ်လို မထင်မှတ်ခဲ့ပေမယ့် အခုတော့တကယ်ဖြစ်လာနိုင်ချေရှိနေပါတယ်" လို ကုလအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'က ပြီးခဲ့တဲ့လက မှတ်ချက်ပြုလိုက်ပါတယ်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရုရှားစစ်အင်အားသောင်းဂဏန်းခန့်ဖြင့် ယူကရိန်းကိုစတင်ကျူးကျော်ခဲ့ပေမယ့် အဓိကမြို့ကြီးတွေကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

 

ယခု နျူကလီးယားဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဘက်က မှတ်ချက်ပြုပြောကြားခြင်းမရှိပါဘူး။

 

ဒုံးကျည်အသစ် စမ်းသပ်ထုတ်လုပ်ခြင်းပြီးမြောက်သွားတာနဲ့ ယခုနှစ်ဆောင်းဦးပိုင်းအတွင်း ရုရှားနျူကလီးယားတပ်ဖွဲ့တွေကနေ သယ်ယူပို့ဆောင်သွားမှာဖြစ်ကြောင်း ရော့စ်ကော့စ်မိုစ်အာကာသနည်းပညာဌာနမှ အကြီးအမှူး'ဒီမစ်ထရီရိုဂိုဇင်'ရဲ့ပြောကြားချက်ကို တက်စ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group