#WorldPolitics
Published 18 April 2022

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အရှေ့တောင်အာရှနိုင်ငံများအဖွဲအစည်း(ASEAN)မှခေါင်းဆောင်များနဲ့ မေလလယ်မှာ လက်ခံတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ဧပြီ(၁၆)ရက်နေ့က ကြေညာလိုက်ပါတယ်။

 

အစည်းအဝေးပွဲမှာ ဦးစားပေးဆွေးနွေးသွားနိုင်မယ့်အကြောင်းအရာတွေက အရှေ့တောင်အာရှဒေသအတွင်း တရုတ်အင်အားချဲ့ထွင်လာမှုအကြောင်း၊ အာဆီယံအပေါ် အမေရိကန်ရဲ့အလေးထားဂရုစိုက်မှုအကြောင်း၊ အမေရိကန်အစိုးရက အာဆီယံအတွက်ယုံကြည်စိတ်ချအားကိုးရဖို့ ဦးစားပေးဆောင်ရွက်ချက်အကြောင်းတွေ ပါဝင်နိုင်တယ်လို့ အိမ်ဖြူတော်စာနယ်ဇင်းတာဝန်ခံ'ယန်ဆာကီ'က ထုတ်နုတ်ဖော်ပြထားပါတယ်။

 

ဒီအစည်းအဝေးပွဲဟာ မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ပြုလုပ်သွားဖို့ အစကစီစဉ်ခဲ့ပေမယ့် နှောင့်နှေးမှုများရှိခဲ့ရာ ယခုအခါ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ယူကရိန်းစစ်ရေးအခြေအနေဆိုးရွားလာခြင်းနဲ့ ပဋိပက္ခတွေကြောင့် အာဆီယံခေါင်းဆောင်အချို့ အချိန်မီတက်ရောက်နိုင်ဖို့ အခက်အခဲရှိလာနိုင်ကြောင်း အကြောင်းကြားခဲ့ကြပြီး အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြပါတယ်။

 

အာရှနဲ့ဆက်ဆံရေးရင်းနှီးကောင်းမွန်ဖို့က နိုင်ငံခြားရေးဦးစားပေးမူဝါဒဖြစ်ကြောင်း အမေရိကန်တို့က ယခင်ကတည်းကအစဉ်တစိုက်ပြောကြားလာခဲ့ပါတယ်။

 

မတ်လ ၂၉ ရက်နေ့က 'ဘိုင်ဒန်'ဟာ စင်ကာပူဝန်ကြီးချုပ်'လီရှန်လောင်'နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ရာမှာ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရုတ်တို့အင်အားချဲ့ထွင်ပြီး ခြယ်လှယ်လာဖို့ကြိုးပမ်းနေကြတယ်လို့ ထင်မြင်မိတဲ့အတွက် အာဆီယံဒေသအတွင်း လွတ်လပ်ပွင့်လင်းစွာလုပ်ကိုင်တည်မြဲနိုင်ရေးကို လိုလားကြောင်း 'ဘိုင်ဒန်'ကပြောကြားခဲ့ပါတယ်။

'ဘိုင်ဒန်'ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကလည်း အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးကို အွန်လိုင်းဗီဒီယိုကနေ ပြုလုပ်ခဲ့ပါသေးတယ်။

 

ထိုအစည်းအဝေးပွဲတုန်းက ကိုဗစ်ကပ်ရောဂါကိစ္စ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားကိစ္စတွေအကြောင်းဆွေးနွေးခဲ့ကြကာ အမေရိကန်နဲ့အာဆီယံတို့ကြား ထိတွေ့လုပ်ကိုင်ရေးတိုးချဲ့ဖို့ ကနဦးလုပ်ဆောင်ချက်များကို ကြေညာသွားခဲ့ပါတယ်။

 

အမေရိကန်တို့အနေနဲ့ အာဖဂန်နစ္စတန်မှတပ်ဆုတ်လာမှုနဲ့ ယူကရိန်းစစ်ပွဲအရေးတွေရှိနေတဲ့အပြင် တရုတ်နဲ့ယှဉ်ပြိုင်နေရခြင်းကလည်း အမေရိကန်အတွက်အကြီးမားဆုံးနိုင်ငံခြားရေးဝါဒစိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။

 

အာဆီယံအဖွဲ့ဝင်တွေထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပြီး တော်တော်များများက တရုတ်နဲ့တင်းမာမှုတွေရှိနေပါတယ်။

 

Source: CNA
#Yangon_Media_Group