Published 17 April 2022

သူခိုးဂိုဏ်းတစ်ဂိုဏ်းဟာအိန္ဒိယအရှေ့မြောက်ပိုင်းက  ပေ ၆၀ရှည်လျားပြီး တန်ချိန်၅၅၀ရှိတဲ့ တံတားတစ်စင်းကို တန်ဖိုးများလှတဲ့ သံတိုသံစတွေအတွက် ခိုးယူခဲ့ကြတယ်လို့ အိန္ဒိယသတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ အေအင်န်အိုင်က ရေးသားလိုက်ပါတယ်။

ရဲတွေက တံတားတစ်စင်းလုံးခိုးမှုနှင့် အမျိုးသား (၈)ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက နှစ်ဦးဟာ အစိုးရ ဝန်ထမ်းတွေဖြစ်ကြတယ်လို့ ရဲအရာရှိတစ်ဦးက အေအင်န်အိုင်ကိုပြောပါတယ်။

“ ကျွန်တော်တို့ လူ(၈)ဦးကို ဖမ်းဆီးမိပါတယ်။ အဲဒီအထဲမှာ သူခိုးတွေနှင့် အချိတ်အဆက်ရှိတဲ့ ရေအရင်းအမြစ်ဌာနက ဒေသခွဲအရာရှိနှစ်ဦးလည်း ပါဝင်ပါတယ်”လို့ ရိုတက်စ်ရဲဌာန ရဲအုပ်အာရှစ်ဘာတီကပြောပါတယ်။

“ သူခိုးတွေက တံတားကိုခိုးတဲ့အခါ အဲဒီအရာရှိနှစ်ဦးက မသိချင်ယောင်ဆောင်ပေးကြတယ်။ ကျွန်တော်တို့ JCB တစ်စီး၊ အလေးချိန်၂၄၇ ကီလိုရှိတဲ့ iron channels တွေနှင့် အခြားပစ္စည်းတွေပြန်သိမ်းဆည်းရမိပါတယ်” လို့ ဘာတီက ပြောပါတယ်။

အဲဒီသံတံတားဟာ ဘီဟာက အာရာဆုန်းတူးမြောင်းကို ဖြတ်ဆောက်ထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၀ပြည့်နှစ်စောစောပိုင်းနှစ်တွေကစပြီး အဲဒီတံတားကို မသုံးဖြစ်ခဲ့တဲ့နောက် တံတားဟာ ပြုပြင်ဖို့လိုအပ်နေတဲ့ အခြေအနေ မှာရှိသွားခဲ့ပါတယ်။အဲဒီတံတားကို ဧပြီ(၃)ရက်ကစပြီး (၃)ရက်တိုင် ဖြုတ်ခဲ့ကြတာဖြစ်တယ်လို့လည်း ဘီဘီစီက သတင်းရေးသားပါတယ်။

အာမီယာဗာ ရွာသားတွေကတော့ သူခိုးတွေကိုမြင်ပါတယ်။ ဒါပေမယ့် တံတားကိုလာဖြုတ်ခိုးယူနေကြတယ်လို့ တစ်ယောက် ကမျှ သံသယမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ သတင်းဌာနတစ်ခုက သတင်းရေးပါတယ်။

အဲဒီအစား မသုံးတော့တဲ့ တံတားကြီးမရှိတော့လို့ အချို့ရွာသားတွေက ပျော်တောင်ပျော်ကြတယ်လို့ အဲဒီသတင်းက ဆက်ရေး သားထားပါတယ်။

ဧပြီ(၅)ရက်နေ့မှာတော့ ဆည်မြောင်းဌာနကို  အနီးရွာတစ်ရွာက ပါဝန်ကူမားဆိုသူက ဖုန်းဆက်ပါတယ်။ သူက တံတား တစ်စီးလုံးဖယ်ပစ်တာကို ဘာကြောင့်  ဒေသအရာရှိတွေက လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ကြတာလဲလို့ မေးတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒါဟာမှုခင်းတစ်ခုဖြစ်မယ်လို့ ရဲတွေက အလန့်တကြားဖြစ်သွားခဲ့ပါတယ်လို့ ဘီဘီစီကရေးပါတယ်။

အဲဒီနောက် ရဲတွေက စတင်စုံစမ်းမှုတွေလုပ်ပါတော့တယ်။ အာဏာပိုင်တွေက တံတားဖြတ်ပစ်ဖို့ အမိန့်မထုတ်ထားဘူးဆိုတာ ကိုသိရတာနှင့် ရဲတွေက စီးနင်းမှုတွေ လုပ်ခဲ့ရပါတယ်။

အဲဒီနောက် လူ(၈)ဦးကိုဖမ်းမိခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေနှင့် အရပ်ထဲက နိုင်ငံရေးသမားတစ်ဦးကိုပါ ဖမ်းမိခဲ့ပါတယ်။

ရာဒီရှန်ဆင်းမ်ဆိုတဲ့ ဒေသခွဲအရာရှိတစ်ဦးကိုဖမ်းခဲ့တယ်လို့ တိုင်းမ်အော့ဖ်အိန္ဒိယသတင်းစာကရေးပါတယ်။ နောက်တစ်ဦးက ဆည်မြောင်းဌာနက အချိန်ပိုင်းဝန်ထမ်း အာဗင်းကူမားဖြစ်ပါတယ်။ သူက ဖြတ်သန်းသွားလာနေတဲ့ရွာသားတွေကိုတောင် ဒါဟာ တရားဝင်အမိန့်နှင့်လုပ်နေတာလို့တောင်ပြောခဲ့တယ်လို့ ဘီဘီစီကရေးပါတယ်။

နောက်တစ်ဦးကတော့ အိန္ဒိယဆိုရှယ်လစ်ပါတီ Rashtriya Janata Dal က အောက်ခြေခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှီကာလျန် ဘတ်ဝတ်ချ်ဖြစ်တယ်လို့ တိုင်းမ်အော့အိန္ဒိယရဲ့ သတင်းထဲမှာဖော်ပြထားပါတယ်။

ဖမ်းမိတဲ့အထဲက လေးဦးဟာ သံတိုသံစလုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေဖြစ်ပါတယ်။ သံတိုသံစတွေကို တရားမဝင် စက်ရုံတွေကို ရောင်းချတာဟာ အိန္ဒိယမှာ ဝင်ငွေကောင်းတဲ့ စီးပွားရေးလို့ ရိုက်တာက ရေးပါတယ်။

Source Insider