Published 11 August 2021
ဥပဒေပိုင်းဆိုင်ရာ ဖိအားတွေ၊သမ္မတ ဂျိုးဘိုင်ဒင်နှင့် အခြားသူတွေဆီက တောင်းဆိုမှုတွေနှင့် ရင်ဆိုင်နေခဲ့ရတဲ့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူကူမိုဟာ အမျိုးသမီး ၁၁ ဦးကို လိင်ပိုင်ဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတစ်ခုကနေ တွေ့ရှိရပြီးနောက် အင်္ဂါနေ့က ရာထူးမှနှုတ်ထွက်သွားပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အထင်ရှားဆုံး နိုင်ငံရေးသမားတွေထဲက တစ်ဦးရဲ့ တုန်လှုပ်စရာ ကျဆုံးခန်းတစ်ခုလို့ မှတ်ယူရမှာ ဖြစ်ပါတယ်လို့ ရိုက်တာ ကရေးသားလိုက်ပါတယ်။
 
အမေရိကန်ရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ် (၄)ခုထဲက တစ်ခုဖြစ်တဲ့ နယူးယောက်မှာ ၂၀၁၁ခုနှစ်ကတည်းက အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီမိုကရက်တစ်ဦးဖြစ်တဲ့သူက အခုလိုကြေညာခဲ့တာဖြစ်ပါတယ်။ နယူးယောက်ရှေ့နေချုပ် လက်တစ်တီယား ဂျိမ်းစ်က ငါးလကြာမြင့်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးတစ်ခုကနေ အဖြေရလဒ်ထုတ်ပေးခဲ့ပြီး သူဟာ အမေရိကန်ပြည်ထောင်စုနှင့်ပြည်နယ်ရဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ ကောက်ချက်ချပြီး တစ်ပတ်အကြာမှာ ယခုလိုနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
 
ရုပ်မြင်သံကြားကနေ မိနစ်နှစ်ဆယ်ကြာပြောကြားရာမှာ အသက်၆၃နှစ်အရွယ် ကူမိုက သူ့ရဲ့နှုတ်ထွက်မှဒဟာ ၁၄ရက်အတွင်း အသက်ဝင်မှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ နောင်မှာ အမေရိကန်ရဲ့ သမ္မတလောင်းဖြစ်နိုင်တဲ့သူ တစ်ဦးအဖြစ် ဦးတည်ခဲ့တဲ့ သူ့ရဲ့ ကာလရှည်နိုင်ငံရေးသမားအလုပ်ဟာ လမ်းချော်သွားစေခဲ့တာဖြစ်ပါတယ်။
ကူမိုက သူဘာတစ်ခုမှ အမှားမလုပ်ခဲ့ဘူးလို့လည်း ထပ်ပြီး ငြင်းဆိုပါသေးတယ်။ ဒါပေမယ့် ချစ်ခင်ကြင်နာမှု ဒါမှမဟုတ် ရယ်သွမ်းစရာဖြစ်စေအောင် ယုတ္တိမဆန်တဲ့ ကြိုးပမ်းမှုတွေလို့ သူက ပုံဖော်ထားတဲ့ကိစ္စအတွက် အပြည့်အဝ တာဝန်ရှိတယ် ဆိုတာ သူကလက်ခံတယ်လို့ ပြောပါတယ်။
 
သူနှုတ်ထွက်သွားတဲ့အတွက် သူဟာ ဒီမိုကရက်တွေထိန်းချုပ်ထားတဲ့ ပြည်နယ်ဥပဒေပြုလွှတ်တော်ကနေ ပြစ်တင်စွပ်စွဲ ဖြုတ်ချဖွယ်ရှိတဲ့ အရေးကနေ လွတ်ကင်းသွားတာလည်းဖြစ်ပါတယ်။
 
စုံစမ်းစစ်ဆေးမှုအစီရင်ခံစာဟာ စာမျက်နှာ ၁၆၈ မျက်နှာ ပါဝင်ပြီး ကူမိုဟာ အမျိးသမီးတွေကို ပွတ်သပ်တာ နမ်းရှုံ့တာ၊နှင့် အရိပ်အမြွက်မှတ်ချက်ပေးပြောဆိုတာတွေလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အဲဒီအမျိုးသမီးတွေထဲမှာ လက်ရှိအစိုးရဝန်ထမ်းတွေနှင့် ဝန်ထမ်းဟောင်းတွေပါဝင်ပါတယ်။
 
နယူးယောက်အနောက်ပိုင်းက ဒီမိုကရက်တစ်ဦးဖြစ်တဲ့အသက်၆၂နှစ်အရွယ် လက်ထောက်အုပ်ချုပ်ရေးမှူး ကေသီဟိုချူဟာ ကူမိုရဲ့သက်တမ်းကုန်ဆုံးတဲ့ ၂၀၂၂ ဒီဇင်ဘာလအထိ အုပ်ချုပ်ရေးမှူးတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီရာထူးကို ယူတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာတော့မယ်လို့ ရိုက်တာကရေးသားလိုက်ပါတယ်။
Source; Reuters