#WorldHealth
Published 18 April 2022

 

အိုမီခရွန်မျိုးကွဲကို သီးခြားပစ်မှတ်ထားပြီး ဖော်စပ်ထားပြီး ဆီနိုဖမ်နှင့်ဆီနိုဗက်တို့က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးအသစ်ကို ဟောင်ကောင်က ဆေးခန်းသုံးစမ်းသပ်ဖို့ အတည်ပြုပေးလိုက်ပြီလို့ ကုမ္ပဏီတွေက ပြောပါတယ်။

 

ကိုဗစ်မျိုးဗီဇကွဲအဟောင်းတွေကို အခြေခံပြီးထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးအဟောင်းတွေဟာ ကူးစက်မှုသိပ်မြန်တဲ့ အိုမီခရွန်ကိုချေဖျက်ဖို့ အားနည်းတာကိုတွေ့ကြရပြီးနောက် ကမ္ဘာတစ်လွှားက သိပ္ပံပညာရှင်တွေဟာ အိုမီခရွန်ကိုတွန်းလှန်နိုင်တဲ့ ဆေးတွေကိုအပြိုင်အဆိုင်လေ့လာနေကြပါတယ်။

 

တရုတ်အမျိုးသား ဘိုင်အိုတက်ခ်အုပ်စုရဲ့လုပ်ငန်းခွဲ ဆီနိုဖမ်နှင့် ဆီနိုဗက်တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ ယခင်တရုတ်နိုင်ငံနှင့် ပင်လယ်ရပ်ခြားကို ထောက်ပံ့နေတဲ့ ကာကွယ်ဆေးတွေလိုပဲ သက်မဲ့ကိုရိုနာဗိုင်းရပ်စ်တွေကို အသုံးပြုဖော်စပ်ထားတာဖြစ်ပါတယ်လို့ ကုမ္ပဏီတွေက သတင်းထုတ်ပြန်ပါတယ်။

 

ကာကွယ်ဆေးနှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးထားပြီးသူတွေအတွက် ဆီနိုဖမ်ရဲ့ ကာကွယ်ဆေးကို အားမြှင့်ဆေးအဖြစ် လူကြီးတွေထိုးနှံနိုင်မယ်လို့ စီအင်န်ဘီဂျီကုမ္ပဏီကပြောပါတယ်။ အားမြှင့်ဆေး စမ်းသပ်မထိုးခင် ယခင်ထိုးထားပြီး ကာကွယ်ဆေးတွေက ဘာတွေဖြစ်ရမယ်ဆိုတာကိုတော့ သတ်မှတ်မထားပါဘူး။

 

ထပ်မံပေါ်ပေါက်လာနေတဲ့ ကိုဗစ်မျိုးဗီဇကွဲတွေကို လက်ရှိကိုဗစ်ကာကွယ်ဆေးတွေက ဘယ်လိုကာကွယ်နိုင်သလဲဆိုတာကိုလည်း ဆက်လက်လေ့လာနေတယ်လို့ ဆီနိုဗက်ကပြောပါတယ်။

 

အိုမီခရွန်အပေါ် လက်ရှိ BBIBP-CorV ဆီနိုဖမ်ကိုဗစ်ကာကွယ်ဆေးက ဆေးနှစ်လုံးထိုးပြီးတဲ့နောက် တတိယမြောက်အားမြှင့်ကာကွယ်ဆေးထိုးအပြီး ခြောက်လအကြာမှာ ကိုယ်ခံအားအဆင့်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်တာမတွေ့ရဘူးလို့ တရုတ်သုတေသနပြုချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

 

တတိယဆေးအပြီး စတုတ္ထအားမြှင့်ကာကွယ်ဆေးထိုးတဲ့အခါမှာတော့ ခုခံအားဟာ ထိပ်ဆုံး ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကာကွယ်ဆေးအသစ်ဟာ အနာဂတ်အားမြှင့်ဆေးအဖြစ် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုရရှိလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

 

Source: Reuters
#Yangon_Media_Group